မိတ်ဆွေတစ်ဦး၏စိတ်ကျန်းမာရေးခရီးစဥ်တွင် အတူလျှောက်လှမ်းနည်း

မူရင်းအင်္ဂလိပ်စာမူ ။ ။ HOW TO WALK WITH A FRIEND THROUGH THEIR MENTAL HEALTH JOURNEY
စာရေးသူ ။ ။ Adiemus Seah (အက်ဒီဧမက် စရား)၊ ဩစတြေးလျ

စာရင်းဝင် ခရစ်ယာန်ဆွေးနွေးညှိနှိုင်းသူတစ်ဦး အနေဖြင့် ကိုယ်ပိုင်ဆေးခန့်ဖွင့်၍ လေ့ကျင့်ရာတွင် စိုးရိမ်ကြောက်ရွံ့မှုနှင့် တိုက်ပွဲဝင်နေရသော လူတို့အတွက် အကျိုးမရှိသော စကားများနှင့်အပြုအမူများကို ကျွန်ုပ်မြင်ဖူးကြားဖူးသည်။

အသင်းတော်တွင် သက်ရွယ်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ အသက် (၂၅) နှစ်အရွယ် ဂယ်ရီနှင့် ကျွန်ုပ်တွေ့ဆုံခဲ့ခြင်းကို မှတ်မိသည်။ သူသည် အိပ်မပျော်နိုင်အောင် အနှောက်အယှက်ခံရခြင်း၊ အနားယူမှုကင်းမဲ့ခြင်း၊ နှလုံးတလှပ်လှပ်ဖြစ်ခြင်းနှင့် ကတုန်ကရင်ဖြစ်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့ကို ရင်ဆိုင်တွေ့ကြုံခံစားနေရသည်။ သူသည် အလွန့်အလွန် စိုးရိမ်ပူပန်တတ်ပြီး အရာရာကိုမှတ်မိရန်၊ အာရုံစူးစိုက်နိုင်စွမ်းကင်းမဲ့ကာ အလွယ်တကူ စိတ်ဆိုးအမြတ်ထွက်တတ်သည်။ ရလဒ်အနေဖြင့် သူအသင်းတော်ကို စတင်၍ ရှောင်ဖယ်ရှောင်ဖယ် နေတော့သည်။ အသင်းတော်တွင် ပျော်ပျော်ရွှင်ရွှင် လက်ခုပ်တီးပြီးသီဆိုတီးခတ်သော တေးဂီတအသံကျယ်များသည် သူ၏စိုးရိမ်ပူပန်မှုကို အမြင့်ဆုံးသို့ရောက်ရှိစေပြီး ထိုအရာကြောင့် သူခေါင်းမူသည်ဟု ပြောသည်။ အသင်းတော်တွင် လူငယ်နှင့်သက်ရွယ် ဝတ်ပြုစည်းဝေးခြင်း အစီအစဥ်များတွင် သူဦးဆောင်ရန် လိုအပ်သည့်အချိန်တိုင်းတွင် သူသည် နှုတ်ခမ်းများခြောက်ကာ၊ မအီမသာ ပျို့အန်ချင်ပြီး၊ ကတုန်ကရင်ဖြစ်နေတတ်သည်။

သူသည် လူငယ်သင်းအုပ်ဆရာတစ်ဦးကို သူရုန်းကန်နေရခြင်းအကြောင်းများကို ပြောပြပြီး သာသနာမှ နှုတ်ထွက်ရန် တောင်းဆိုခဲ့သည်။ လူငယ်သင်းအုပ်ဆရာသည် ဂယ်ရီ၏အခက်အခဲများကို စာနာနားလည်သိရှိပြီး သူ၏စိုးရိမ်ကြောက်ရွံ့စိတ်များသည် ဆုတောင်းခြင်း၊ အသနားခံတောင်းလျှောက်ခြင်းအားဖြင့် အဝေးသို့ရောက်ရှိသွားကာ သတ္တိပြန်ရှိနိုင်ကြောင်းကို အခိုင်အမာယုံကြည်သည်။ သူ့အား ”ဘယ်အရာကိုမှ စိုးရိမ်ကြောက်ရွံ့မနေနဲ့” ဟုပြောပြီး လူငယ်နှင့်သက်ရွယ် ဝတ်ပြုစည်းဝေးခြင်းများတွင် ဆက်လက်၍ “အားစိုက်ထုတ်”ကာ ဦးဆောင်ရန်ပြောသည်။ အဘယ့်ကြောင့်ဆိုသော် သူဘုရားသခင်ကိုယုံကြည်ပါက ကိုယ်တော်သည် သူ့အား ဂုဏ်ပြုမည်ဖြစ်ပြီး သူ့ကို စိုးရိမ်ကြောက်ရွံ့ခြင်းထဲမှ ကယ်တင်ပေးမည်ဖြစ်ကြောင်းကို ပြောပြသည်။

အမှန်ပင် ဂယ်ရီသည် အလွန်ကြိုးစားခဲ့သည်။ သူသည် လူရှေ့တွင် ကြိုးစား၍ မားမားမက်မက်နေပြီး ဝတ်ပြုကိုးကွယ်ခြင်းအစီအစဥ်တိုင်းတွင် ပါဝင်ကာ ယခင်ကထက် ပို၍ သီချင်းသံ ကျယ်ကျယ်သီဆိုပြီး ခက်ခက်ခဲခဲဆုတောင်းကာ သူစီမံကွပ်ကဲနေရသောလူငယ်များကို စဥ်ဆက်မပြတ် ဂရုစိုက်လျှက် ဘုရားသခင်၏ ကုသပျောက်ကင်းစေခြင်းနှင့် ကယ်တင်ခြင်းကို ဇွဲရှိစွာ ယုံကြည်ခဲ့သည်။

သို့သော် ဤအရာများသည် ဂယ်ရီ၏ စိုးရိမ်ကြောက်ရွံ့ခြင်းများကို ယာယီသာ အဆင်ပြေစေသော အရာများဖြစ်သည်။

ဂယ်ရီသည် ကျွန်ုပ်နှင့်တွေ့သောအခါ သူ့အကြောင်းများကို အသေးစိတ်ပြန်ပြောပြသည်။ သူသည် အားနည်းသောကြောင့် သူ့ကိုယ်သူအပြစ်တင်သည်။ သူရဲဘောကြောင်သောကြောင့် အပြစ်တင်သည်။ ထို့အပြင် သခင်ခရစ်တော်ကို နာခံလိုက်လျှောက်ရန် အတွေးတိုင်းကို ဖမ်းဆုပ်ထိမ်းထားနိုင်စွမ်း မရှိသောကြောင့် (၂ ကော ၁၀း၅) သူ့ကိုယ်သူအပြစ်တင်ကာ အကြီးအကျယ် ရှိုက်ကြီးတငင်ငိုခဲ့သည်။ သူသည် အထီးကျန်မှု၊ ရှက်ကြောက်မှုနှင့် ရှုံးနိမ့်မှုတို့ကို ခံစားခဲ့ရသည်။

ကျွန်ုပ်သည် ဂယ်ရီနှင့်အတူ သူ၏မိသားစု၊ ဆရာဝန်နှင့် လူငယ်သင်းအုပ်ဆရာတို့ကို သူ၏စိုးရိမ်ပူပန်မှုဖြစ်သည့် နာမကျန်းခြင်းကို ရှင်းလင်းဖွင့်ဟပြောပြရန် လုပ်ဆောင်ခဲ့သည်။ ကျွန်ုပ်တို့သည် စိုးရိမ်ပူပန်မှု၊ စိတ်ကျန်းမာရေး၊ ယုံကြည်ခြင်း၊ ကုသပျောက်ကင်းစေခြင်း၊ ဒုက္ခခံစားပေးဆပ်ရခြင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာတည်မြဲသော တန်ခိုးတော်နှင့် ရည်ရွယ်ချက်တို့အပေါ် အခြေခံသော သမ္မာကျမ်းစာသွန်သင်ချက်များကို လေ့လာကြည့်ရှုကြသည်။ ကြောက်ရွံ့ခြင်း၏ စိတ်ပိုင်းဆိုင်ရာရှုထောင့်များကိုလည်း ထည့်သွင်းစဥ်းစားကြသည်။ သူ့မိသားစုများကို ဤအချိန်အတောအတွင်း ဂယ်ရီအား အကောင်းဆုံးထောက်ပံ့နိုင်မည့် အကြံဥာဏ်ကောင်းများကို ပေးကြပြီး သူ့အတွက် စိတ်ကျန်းမာရေးဂရုပြုမှု အကြံအစည်ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေလို၍ သူ၏ဆရာဝန်နှင့်အတူ ကျွန်ုပ်တို့လုပ်ဆောင်ကြသည်။

ဂယ်ရီသည် သူ၏စိုးရိမ်မှုအတက်အကျကို မည်ကဲ့သို့စီမံခန့်ခွဲရမည်ကို သိရှိပြီး သူ့အတွက် အရေးကြီးသောအရာများကို ပြန်လည်၍ လုပ်ဆောင်လာနိုင်သည်။ ၎င်းတို့မှာ ဘုရားသခင်ကိုချစ်ခြင်း၊ သူဦးဆောင်နေရသော လူငယ်လူရွယ်များကို ဂရုစိုက်ခြင်း၊ ငွေကြေးဆိုင်ရာ အကြံဥာဏ်ပေးပုဂ္ဂိုလ်အဖြစ် ဈေးကွက်နေရာတွင် ထိထိမိမိလွှမ်းမိုးဦးဆောင်နိုင်ခြင်း ကဲ့သို့သော အရေးအကြီးဆုံးသော အရာများဖြစ်သည်။

ဂယ်ရီ၏ အတွေ့အကြုံကို ပြန်ပြောပြသော လူအချို့ကို ကျွန်ုပ်တွေ့ဖူးသည်။

စိုးရိမ်ပူပန်မှုသည် အရင်းခံအကြောင်းရင်းတစ်ရပ် ဖြစ်သည်ဟု ကြားနေရခြင်းမှာ ပုံမှန်ဖြစ်သည်။ အကယ်၍ ထိုအချက်သည် ရာနှုန်းပြည့် မဟုတ်ခဲ့ပါက များစွာသော ခရစ်ယာန် အသိုင်းအဝိုင်းတွင် ဝိညာဥ်ရေးရာ၌ သဘာဝကျသော အရာအဖြစ် ရှုမြင်သုံးသပ်ကြသည်။ အကယ်၍ လူတို့သည် ဘုရားသခင်အပေါ် အပြည့်အဝယုံကြည်ပြီး သစ္စာရှိပါက လူသည် စိုးရိမ်ပူပန်ခြင်း ကစဥ့်ကလျားရောဂါကို ခံစားရမည်မဟုတ်ကြောင်း၊ မခံစားသင့်ကြောင်း ခေါင်းဆောင်များက စစ်မှန်စွာ ယုံကြည်ကြသည်။ သမ္မာကျမ်းစာကို အရင်းခံအကြောင်းအရင်းမရှိပဲ လူတို့အား တရားစီရင်ရန်နှင့် အပြစ်တင်ရန် မကြာခဏ သမ္မာကျမ်းစာ ကျမ်းချက်ငယ်များကို ကိုးကားချဲ့ထွင်ခြင်းတို့ ပြုလုပ်ပါက ရလဒ်မှာ အပြစ်ရှိသည်ဟု ခံစားရသောစိတ်နှင့် ရှက်ကြောက်သောစိတ်များ ရှိနေခြင်းတို့ဖြစ်သည်။ စိုးရိမ်ကြောက်ရွံ့ခြင်းနှင့် စိတ်ဓတ်ကျခြင်းကဲ့သို့သော စိတ်ကျန်းမာရေး အခက်အခဲများကို တိုက်ခိုက်နေရသော ခရစ်ယာန်များအား တစ်ခါတစ်ရံ ယုံကြည်ခြင်းကင်းမဲ့သူများအဖြစ် မြင်ကြပြီး၊ ဝိညာဥ်ရေးရာ ကျရှုံးသောသူများအဖြစ် ရှုမြင်ကြသည်။ ထို့ထက်ပို၍ဆိုးသည်မှာ ၎င်းတို့ကို ဆိုးသည့်ခရစ်ယာန်များအဖြစ် ကင်ပွန်းတပ်ကြသည်။

သို့သော် သမ္မာကျမ်းစာမှ မစိုးရိမ်ရန် အကြိမ် (၃၆၅) ကြိမ်ပြောထားပေရာ စိုးရိမ်ကြောက်ရွံ့မှုသည် သမားရိုးကျဖြစ်ပြီး၊ လူသားတို့၏ ပုံမှန်အတွေ့အကြုံဖြစ်သည်။ မကြာသေးမှီက ပြုခဲ့သော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ကျန်းမာစိတ်ချမ်းသာရေးအတွက် နိုင်ငံတော်မှ သုတေသနပြုချက်အရ ဩစတြေးလျနိုင်ငံသား ငါးဦးလျှင်တစ်ဦးမျှ (၂၀ ရာခိုင်နှုန်း)၊ အသက်အရွယ်အားဖြင့် (၁၆) မှ (၈၅) နှစ်အတွင်း ရှိကြသောသူများတွင် ယေဘုယျစိတ်ပိုင်းဆိုင်ရာ နာမကျန်းမှု (စိုးရိမ်ပူပန်မှု အမြင့်ဆုံးဖြစ်နေခြင်း) ရှိပြီး လွန်ခဲ့သော (၁၂) လ အတောအတွင်းက တစ်ခါတစ်ရံ ခံစားရကြောင်း တွေ့ရှိရသည်။ ယေဘုယျအားဖြင့် စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်နေသော (၃၅) ရာခိုင်နှုန်းသောသူများသာလျှင် သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တို့၏ အကူအညီကို ရှာဖွေရယူကြသည်။ အကူအညီကိုရှာဖွေသော ပြုမူလုပ်ဆောင်ပုံများကို တားဆီးသည့် အတားအဆီးများမှ တစ်ခုမှာ ရှက်ကြောက်ခြင်း၊ ခွဲခြားဖိနှိပ်ဆက်ဆံခြင်းနှင့် အခြေအမြစ်မရှိသော အစွဲအလမ်းတို့ဖြစ်ပြီး ၎င်းတို့သည် ခရစ်ယာန်များနှင့် ခရစ်ယာန်မဟုတ်သော အသိုင်းအဝိုင်းများ၊ နှစ်ခုစလုံးတွင် တည်ရှိနေသည်။

ခရစ်ယာန်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ရှေ့တွင် အသရေပျက်ကြပြီ (ရော ၃:၂၃)။ ထို့ကြောင့်ကျွန်ုပ်တို့သည် နာကျင်မှု၊ စုံစမ်းစစ်ဆေးခြင်းနှင့် ဆင်းရဲဒုက္ခကြီးစွာခံစားရခြင်းတို့ကို တွေ့ကြုံကြမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ခရစ်ယာန်များသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုတို့ကို မခံနိုင်ကြပေ။

လူတို့အကူအညီရှာဖွေရန် တိုက်တွန်းခွန်အားပေးရာတွင် ကျွန်ုပ်တို့သည် အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုမှာ အပြစ်၊ အားနည်းမှုနှင့် ရှုံးနိမ့်မှုတို့ဖြစ်သည်ဟု ယူဆကြသော ခရစ်ယာန်အသိုင်းအဝိုင်းတွင် စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်နေသောသူတို့ လက်ခံနိုင်လောက်သော ချဥ်းကပ်မှုမျိုးနှင့် သတင်းပေးမှု၊ ဂရုဏာထားမှုတို့ကို တိုးချဲ့မြှင့်တင် ဆောင်ရွက်ရန် လိုအပ်သည်။ ကျွန်ုပ်တို့သည် စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်နေသော တစ်စုံတစ်ယောက်ကို ကူညီသောအခါတွင် အခြေခံ အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုတို့အပြင် ယုံကြည်စိတ်ချမှုရှိရန် လိုအပ်သည်။ သူတို့ကို တရားစီရင်မှုနည်းလမ်းမျိုးဖြင့် မဟုတ်ဘဲ နားထောင်ပေးနိုင်ရန်နှင့် ပြောဆိုဆက်သွယ်ရန် လိုအပ်သည်။ သူတို့ကို အထောက်အပံ့နှင့် သတင်းအချက်အလက် ပေးရန်လည်းလိုအပ်ပြီး၊ သင့်လျော်သော အတတ်ပညာကျွမ်းကျင်မှုဆိုင်ရာ အကူအညီနှင့် အခြားအထောက်အပံ့များရရှိရန် တိုက်တွန်းခွန်အားပေးသင့်သည်။

ဤလက်တွေ့ကျသောအဆင့်များသည် Mental Health First Aid Action Plan (စိတ်ကျန်းမာရေး ရှေးဦးသူနာပြု ဆောင်ရွက်ချက်စီမံကိန်း)၏ မူဘောင်အတွင်းမှဖြစ်ပြီး နောက်ပိုင်းတွင် ကျွန်ုပ်သည် ဤအရာကို အသေးစိတ် စီစဥ်တင်ပြသွားပါမည်။

အကယ်၍သင်သည် စိတ်ကျန်းမာရေး အခက်အခဲများနှင့် ရုန်းကန်နေရလျှင် …

အကယ်၍သင်သည် စိုးရိမ်ပူပန်မှုနှင့် စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုတို့ကို တိုက်ခိုက်တွန်းလှန် ရင်ဆိုင်နေရသော ခရစ်ယာန်တစ်ဦးဖြစ်ပါက ထုတ်ဖော်ပြောပြပြီး အကူအညီရယူပါ။ သင်၏စိုးရိမ်ပူပန်မှုနှင့်ပတ်သက်၍ ဘုရားသခင်အားပြောပြပါ။ အဘယ့်ကြောင့်ဆိုသော် “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည့်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျှက်ရှိ၏” (ဆာလံ ၄၆:၁)။ ထို့အပြင် “အဘယ်နမ္မိတအရာမျှသည် ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်” (ရော ၈:၃၁-၃၉)။

ဘုရားသခင်သည်ကျွန်ုပ်တို့ကို အသိုင်းအဝိုင်းလည်းပေးထားသည့်အတွက် သင်၏စိုးရိမ်ပူပန်မှုကို အခြားသူများအားပြောပြပါ။ သူတို့သည် သင်၏ဆရာဝန်၊ သင်းအုပ်ဆရာ၊ မိသားစုနှင့် မိတ်ဆွေများဖြစ်နိုင်သည်။ ဟုတ်ပါသည်။ ဤကဲ့သို့ဖွင့်ပြောရသည်တွင် စွန့်စားရပြီး သတ္တိလည်းလိုအပ်သည်ကို ကျွန်ုပ်သိပါသည်။ ကျွန်ုပ်လည်း ထိုကဲ့သို့တွေ့ကြုံခဲ့ရဖူးသည်။ အကယ်၍သင်သည် တစ်စုံတစ်ဦးအားပြောရန် ရုန်းကန်နေရပါက၊ ခက်ခဲနေပါက၊ အထူးသဖြင့် သင်သည် စိတ်ပိုင်းဆိုင်ရာနာမကျန်းမှုကို ပထမဦးဆုံးအကြိမ်ခံစားတွေ့ကြုံနေရပါက သင်၏စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုကို ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုအဖြစ် ဆင်ခြင်သုံးသပ်ပါ။ အကယ်၍ သင်သည် လည်ချောင်းနာခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ရင်ဘက်နာကျင်ခြင်း၊ သို့မဟုတ် နံရိုးကျိုးခြင်းတို့ဖြစ်ပါက သင်တစ်စုံတစ်ဦးကို ပြောပြမည်မဟုတ်ပါလား။ အဘယ့်ကြောင့်ဆိုသော် သင်ပိုမိုနေကောင်းကျန်းမာလိုပြီး သင်ဆောင်ရွက်ရန်ရှိသောအရာများကို ဆက်လက်လုပ်ကိုင်လိုသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့်ဆိုရပါလျှင် စာပေသင်ယူ လေ့လာခြင်း၊ အလုပ်လုပ်ခြင်း၊ ကလေးများကို ကြည်ရှုစောင့်ရှောက်ခြင်းနှင့် အစရှိသည်တို့ဖြစ်သည်။

အလားတူပင် စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုသည် ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုမျိုးကဲ့သို့ပင်ဖြစ်သည်။ ၎င်းနာမကျန်းမှုအတွက် သင်အလေးထားရန် လိုအပ်သည်။ သင်၏အခက်အခဲများနှင့် အားနည်းမှုများကို သင်ယုံကြည်စိတ်ချရသော တစ်စုံတစ်ဦးကို ပြောပြသောတစ်ချိန်တည်းမှာပင် ဘုရားသခင်သည် သင့်ကိုကူညီရန်နှင့် ထောက်ပံ့ဖြည့်စွက်ပေးရန် သင့်လျော်သူတို့ကို ဆောင်ကျဥ်းပေးမည်ဖြစ်သည်။ အကယ်၍ လူတို့သည် သင့်ကိုတရားစီရင်ပါက သင်ဖြတ်သန်းနေရသောအရာကို သူတို့နားလည်ရန် ရှင်းပြပြီး သူတို့ထံမှ သင်မည်သည့်အရာကို လိုအပ်ကြောင်း ပြောပြပါ။ ထို့အပြင် သင့်ကိုကူညီရန်နှင့် ထောက်ပံ့ပေးရန် မှန်ကန်သောလူများကို ရှာဖွေတွေ့ရှိရန် သင်ဆက်လက်၍ လှုပ်ရှားလုပ်ဆောင်ပါ။

အကယ်၍သင့်တွင် စိတ်ကျန်းမာရေးအခက်အခဲများနှင့် ရုန်းကန်နေရသော မိတ်ဆွေတစ်ဦးရှိပါက …

အကယ်၍ သင်သည် မိတ်ဆွေတစ်ဦး၊ မိသားစု ၊အတန်းဖော်၊ သို့မဟုတ် ချစ်ရသူတစ်ဦးနှင့် ၎င်းတို့၏ စိတ်ကျန်းမာရေး ရုန်းကန်နေရမှုများတွင် အတူတကွလျှောက်လှမ်းလိုပါက သင်သည် အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများနှင့် စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ စာပေတတ်မြောက်မှုတွင် မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိသည်အထိ တိုးတက်ဖွံ့ဖြိုးစေရန် တိုးချဲ့ဆောင်ရွက် လုပ်ကိုင်သင့်ကြောင်း ကျွန်ုပ်တိုက်တွန်းခွန်အားပေး နှိုးဆော်အပ်ပေသည်။

သင်သည် MHFA Australia မှ အသိအမှတ်ပြုထားသော Mental Health First Aid (စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်း) သင်တန်းတွင် ပါဝင်ခြင်းအားဖြင့် ဤကဲ့သို့အတူ လုပ်ဆောင်နိုင်သည်။ MHFA သည် လူတို့ကို ဆေးစစ်တမ်းနှင့် ရောဂါကုထုံးများကို ထောက်ပံ့ပေးရန် သွန်သင်ခြင်းမပြုပေ။ သို့သော် ယေဘုယျစိတ်ကျန်းမာရေး ပြဿာနာများ၏ ရောဂါလက္ခဏာများကို သိရှိမှတ်မိစေရန် လူတို့အား အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုတို့ဖြင့် တန်ဆာဆင်ပေးသည်။ အစဦးအကူအညီကို ထောက်ပံ့ပေးစွမ်းနိုင်ရန်ဖြစ်ပြီး၊ လူတစ်ဦးအား သင့်လျော်သော ကုသမှုနှင့် အထောက်အကူဖြစ်စေသော အကူအညီရရှိနိုင်ရန် လမ်းညွှန်ပေးခြင်းတို့ဖြစ်သည်။

MHFA ညွှန်ကြားသူတစ်ဦးအနေဖြင့် ကျွန်ုပ်သည် MHFA ဆောင်ရွက်ချက်စီမံကိန်းကို မှတ်ဥာဏ်ကူဆောင်ပိုဒ် တစ်ခုဖြစ်သော ALGEE ကို အသုံးပြုကာ အဖွဲ့အစည်းများ၊ အသိုင်းအဝိုင်းများနှင့် အသင်းတော်များတွင် မည်ကဲ့သို့ လက်တွေ့လိုက်လျှောက်ကျင့်သုံးရမည်ကို သွန်သင်ပို့ချပေးသည်။

ဆောင်ရွက်ချက် – ၁။ ။ Approach – ထိုလူအနားသို့ ချဥ်းကပ်ပါ။ အကဲခတ်ပါ။ မည်သည့် သေရေးရှင်ရေးအကြောင်းမျိုးနှင့်မဆို သူ့ကိုကူညီပါ။

မိတ်ဆွေတစ်ဦးသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများနှင့် ရုန်းကန်နေရသည်ကို သင်သတိထားမိပါက ပထမဦးဆုံးတာဝန်မှာ သူ့ထံသို့ချဥ်းကပ်ပါ။ ထို့အပြင် ဖြစ်လာနိုင်သော မည်သည့်အဆုံးသတ်မှုမျိုးကိုမဆို သတိထားပါ။ ထို့နောက် ထိုအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိုပုဂ္ဂိုလ်အား ကူညီမစပါ။ သင်၏မိတ်ဆွေကို သူ၏စိတ်ကျန်းမာရေးအား သင်အလေးထားကရုပြုကြောင်း သိစေရန် ပြောပြနိုင်သည်။ သင်တို့နှစ်ဦးစလုံး သက်တောင့်သက်သာဖြစ်စေမည့် အချိန်နာရီနှင့် နေရာကို သင်ရှာဖွေတွေ့ရှိနိုင်ရန်မှာ အရေးကြီးသောအချက်ဖြစ်ပြီး သင့်မိတ်ဆွေ၏ ပုဂ္ဂိုလ်ရေးရာနှင့် လျှို့ဝှက်ချက်များကို သင်လေးစားအရေးထားကြောင်း အသေအချာပြုမူဆောက်ရွက်ပါ။

ဆောင်ရွက်ချက် – ၂။ ။ Listen – သူ့စကားကိုနားထောင်ပေးပါ။ တရားစီရင်သည့် နည်းလမ်းမျိုးနှင့်မဟုတ်ဘဲ သူနှင့်ပြောဆိုဆက်သွယ်ပါ။

နားထောင်လျှက် ပြောဆိုဆက်ဆံသောအခါ မည်သည့်တရားစီရင်မှုမျိုးကိုမှ မပြုမိစေရန်မှာ အလွန်အရေးကြီးပြီး သင်၏မိတ်ဆွေ သို့မဟုတ် သူ၏ အခြေအနေအပေါ် တရားစီရင်မှုများ ဖော်ပြပြောပြခြင်းကို ရှောင်ရှားရမည်။ သင်သည် နားလည်လက်ခံပေးခြင်း၊ စစ်မှန်ခြင်းနှင့် သနားညှာတာစာနာခြင်း စသောသဘောထားများကို နားလည်လက်ခံရန်လိုအပ်သည်။ ထို့အပြင် နားလည်မှုနှင့်ယုံကြည်မှုတို့ကို ကြီးထွားဖွံ့ဖြိုးစေရာတွင် လွယ်ကူချောမွေ့စွာ တည်ဆောက်နိုင်ရန် အပြောစွမ်းရည်နှင့် အပြောနှင့်မဟုတ်သော ဆက်သွယ်ပြုမူသည့် ကျွမ်းကျင်မှုများကို သင်အသုံးပြုရန် လိုအပ်သည်။

ဆောင်ရွက်ချက် – ၃။ ။ Give – သူတို့ကို အထောက်အပံ့ပေးပါ။ သတင်းအချက်အလက်ကိုပေးပါ။

သင့်မိတ်ဆွေ၌ သူ့ကိုသင်နားထောင်လိုသည်ဟု ခံစားချက်ရှိပါက အထောက်အပံ့ပေးရန်နှင့် သတင်းအချက်အလက်ပေးရန် ပိုမိုလွယ်ကူသည်။ ထိုအကူအညီများတွင် သူတို့မည်သို့ ခံစားနေရသည်ကို စာနာနားလည်ပေးခြင်းနှင့် သူတို့ပြန်လည် ကောင်းမွန်ကျန်းမာလာမည်ဟူသော မျှော်လင့်ချက်ပေးခြင်းကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးထောက်ပံ့မှုတို့ ပါဝင်ပြီး လက်တလောတွင် အံ့ဩဖွယ်၊ ကြီးမားဖွယ်ကောင်းသည်ဟု ထင်ရသော တာဝန်လုပ်ငန်းများဖြစ်သည့် လက်တွေ့ကျသည့် ကူညီမှုများလည်း ပါဝင်သည်။ သင်၏မိတ်ဆွေများအား စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ သတင်းအချက်အလက်အချို့ကို သိရှိလိုပါသလား ဟုလည်းမေးမြန်းနိုင်သည်။

ဆောက်ရွက်ချက် – ၄။ ။ Encourage – ထိုပုဂ္ဂိုလ်ကို သင့်လျော်သော အတတ်ပညာ အသိပညာကျွမ်းကျင်မှုဆိုင်ရာ အကူအညီကိုရရှိနိင်ရန် တိုက်တွန်းခွန်အားပေးပါ။

သူတို့ရရှိနိုင်သော အကူအညီ၊ အထောက်အပံ့များကို ရွေးချယ်မှုများနှင့် ပတ်သက်၍ သင့်မိတ်ဆွေကို ပြောပြပါ။ ဥပမာအားဖြင့် ဆေးဝါး၊ ဆွေးနွေးညှိနှိုင်းမှုနှင့် စိတ်ပိုင်းဆိုင်ရာ ရောဂါကုထုံး၊ မိသားစုဝင်များအတွက် အထောက်အပံ့၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာနှင့် ပညာရေးဆိုင်ရာ ပန်းတိုင်များအတွက် အကူအညီ၊ ဝင်ငွေနှင့် နေရာထိုင်ခင်းတို့အတွက် အကူအညီတို့ဖြစ်သည်။

ဆောင်ရွက်ချက် – ၅။ ။ Encourage – အခြားပံ့ပိုးမှု ဖွဲ့စည်းတည်ဆောက်ပုံများကို တိုက်တွန်းခွန်အားပေးပါ။

သင်၏မိတ်ဆွေကို မိမိကိုယ်မိမိ ကူညီမစနိုင်သော နည်းဗျူဟာများကို အသုံးပြုရန်နှင့် မိသားစု၊ မိတ်ဆွေများနှင့် အခြားသောသူများမှ ကူညီမစမှုကို ရှာဖွေတွေ့ရှိနိုင်ရန်လည်း တိုက်တွန်းခွန်အားပေးနိုင်သည်။ ဥပမာအားဖြင့် Beyond Blue, Black Dog Institute, MoodGYM, နှင့် Lifeline တို့မှစာအုပ်စာပေများဖြစ်သည်။

မိမိကိုယ်ကို ဂရုစိုက်ရန် မမေ့ပါနှင့်

စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်နေသော၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ရုန်းကန်နေရသော တစ်စုံတစ်ဦးကို ဂရုစိုက်ခြင်းနှင့် ပံ့ပိုးထောက်မခြင်းတို့သည် စိတ်သောကဖြစ်စေနိုင်သည်၊ စိတ်ရှုပ်ထွေးနိုင်သည်၊ စိတ်ပင်ပန်းနွမ်းချိနိုင်သည်။ ထို့ကြောင့် သင်၏ကျန်းမာရေးနှင့် နေကောင်းကျန်းမာ စိတ်ချမ်းသာခြင်းတို့ကို စောင့်ရှောက်ရန်အတွက် အချိန်ယူရန် အရေးကြီးသည်။ ဥပမာအားဖြင့်ပြောရပါလျှင် အခြားသူတစ်ဦး၏ အခွင့်အရေးနှင့်ပုဂ္ဂိုလ်ရေးရာကို လေးစားတန်ဖိုးထားရန် သင်သတိရှိနေလျှက်ပင် သင်ကြားခဲ့ရသော တစ်စုံတစ်ဦးထံမှ အကြောင်းအရာများကို (အတင်းတုပ်ခြင်းမျိုးမဟုတ်ပဲ) ပြန်လည်အစီရင်ခံခြင်းမျိုး သင်ပြုလုပ်လိုမည်ဖြစ်သည်။

စိတ်သောကရောက်နေသော တစ်စုံတစ်ဦးကို သင်ကူညီပြီးနောက် သင်၏ကိုယ်ပိုင်ခံစားချက်နှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းမွန်ဖွံ့ဖြိုးတိုးတက်စေမည့်အရာများကို သင်လုပ်ဆောင်ခြင်းသည် သင့်တင့်ကောင်းမွန်လျောက်ပတ်နိုင်သည်။ ဤသည်တို့မှာ ကောင်းမွန်စွာစားသောက်ခြင်း၊ ပုံမှန်နှစ်ခြိုက်စွာ အိပ်စက်ခြင်းအလေ့အထကို ထိန်းသိမ်းခြင်း၊ သတိတရားကြီးမားစွာ ကျင့်သုံးဆောင်ရွက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုရှိခြင်း၊ အထောက်အကူဖြစ်စေသော အပြုသဘောဆောင်သည့်လူတို့နှင့် စကားပြောခြင်း၊ သင်မည်ကဲ့သို့ခံစားနေရသည်ကို လူတို့အားအသိပေးခြင်း၊ ပျော်ရွှင်ဖွယ်ရာ လှုပ်ရှားဆောင်ရွက်ခြင်းများကို စနစ်တကျစီရင်ခြင်းနှင့် သင်သိသည့် အတိတ်တွင် အထောက်အကူဖြစ်စေသော အခြားသောအရာများကို လုပ်ဆောင်ခြင်းတို့ ပါဝင်သည်။

ဤဆောင်ရွက်ချက် (၅) ချက် – ALGEE မှာ ခရစ်ယာန်ဖြစ်စေ၊ ခရစ်ယာန်မဟုတ်သူဖြစ်စေ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အခက်အခဲများကြားတွင် ဖြတ်သန်းနေရသော မိတ်ဆွေတစ်ဦး၊ သို့မဟုတ် မိသားစုနှင့် လျှောက်လှမ်းရာတွင် အထောက်အကူဖြစ်စေသော နည်းလမ်းများဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခက်အခဲများကြားတွင် ရှိနေသော ခရစ်ယာန်များကို ကူညီနေသည့် ခရစ်ယာန်များသည် ALGEE ကိုလက်တွေ့ကျင့်သုံးသည့်အပြင် RIPE ကိုလည်း ရှေးရှုပစ်မှတ်ထားခြင်းအားဖြင့်လည်း သူတို့ကို ထောက်မကူညီနိုင်သည်။ RIPE မှာ Reality၊ Identity၊ Power၊ Eternity ဖြစ်သည်။

Reality – အမှန်တရား

၎င်းတို့၏နာကျင်မှုများ၊ စိတ်ရှုပ်ထွေးမှုများနှင့် စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုများကို ခံစားတွေ့ကြုံနေရလျှက် အသက်ရှင်နေရသည်ကို သိရှိခြင်းဖြစ်သည်။ ဤကျိုးပဲ့ကြေမွနေသော ကမ္ဘာလောကကြီးထဲတွင် သခင်ယေရှုပြောသကဲ့သို့ပင်၊ ကျွန်ုပ်တို့၌ စုံစမ်းစစ်ဆေးခြင်းများ၊ ပြဿာနာများ၊ ဝမ်းနည်းမှုများရှိလိမ့်မည်။ သို့သော် သခင်ယေရှုပြောသည်မှာ ကျွန်ုပ်တို့သည် သတ္တိမွေးကာခွန်အားယူနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သခင်ယေရှုသည် လောကကို အောင်မြင်သောကြောင့် ဖြစ်သည် (ယော ၁၆:၃၃)

Identity – ကိုယ်ပိုင်လက္ခဏာ

စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုသည် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာမဟုတ်ကြောင်း သူတို့ကိုသတိပေးပါ။ သူတို့၏ကိုယ်ပိုင်လက္ခဏာသည် သခင်ခရစ်တော်၌အမြစ်စွဲနေပြီး ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် မည်သည့်အရာကမှ ခွဲခွာ၍မရနိုင်ပေ (ရော ၈:၃၁-၃၉၊ ဆာလံ ၁၃၉:၁၇-၁၈)

Power – တန်ခိုး

ကုသပျောက်ကင်းမှုရရှိရန် ဘုရားသခင်၏တန်ခိုးတော်ကို တောင်းခံရန်နှင့် ကြွေးကြော်ရန် ဝိညာဥ်ရေးရာဆိုင်ရာ ယုံကြည်ချက်များကို လုပ်ဆောင်ရန် သူတို့ကို တိုက်တွန်းခွန်အားပေးပါ။ (ဥပမာ – နှုတ်ကပတ်တော်ကို ကျက်မှတ်ခြင်း၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၊ အခြားသူကိုကူညီခြင်း၊ သီးခြားနေခြင်းတို့ဖြစ်သည်)။ သို့သော် ရသင့်ရထိုက်သည်ဟု တောင်းဆိုခြင်း အနေအထားထက် လက်လွှတ်အရှုံးပေးသည့်အခြေအနေဖြင့် အသနားခံ တောင်းလျှောက်ခြင်းသည် အမွန်မြတ်ဆုံးနှင့် အမြင့်မြတ်ဆုံးဖြစ်သည် (လု ၂၂:၄၂၊ ၂ ကော ၁၂:၇-၉၊ ၂ ရာ ၁၂:၁၅-၂၅၊ ဒံ ၃:၁၆-၁၈)

Eternity – ထာဝရကာလ

ထာဝရကာလကို ရှေးရှုပါ။ ဘုရားသခင်သည် သက်သာပျောက်ကင်းစေပြီး ပြန်လည်ထိန်းသိမ်းပေးသော အံ့ဩဖွယ်ရာအလုပ်များကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း သမ္မာကျမ်းစာမှ ကျွန်ုပ်တို့ကို ဖော်ပြထားသည်။ သို့သော် နှုတ်ကပတ်တော်မှ ဘုရားသခင်သည် အချုပ်အခြာအာဏာတည်မြဲပြီး သူ၏အဆုံးမရှိသော ဥာဏ်ပညာတော်ဖြင့် လူသားအားလုံးသည် ကုသသက်သာပျောက်ကင်းစေခြင်း၊ ပြန်လည်ထိန်းသိမ်းခြင်းတို့ကို ဤအချိန်၊ ဤနေရာတွင်ပင် မရရှိကြောင်း သင်ကြားထားသည်။ သို့သော်လည်း နာကျင်ခြင်းများ၊ ဒုက္ခခံစားပေးဆပ်ရခြင်းများ ထပ်မရှိတော့မည့် ထာဝရအသက်ကို သခင်ခရစ်တော်နှင့်အတူ သူ၏သားသမီးများအဖြစ် ရရှိပိုင်ဆိုင် တွေ့ကြုံရမည်ဖြစ်ကြောင်း ဘုရားသခင်က ကျွန်ုပ်တို့အား ကတိပေးထားသည် (ဗျာ ၂၁:၄)

စာရေးသူအကြောင်းသိကောင်းစရာ
အက်ဒီဧမက် (BBSC, BACC, MGPC, MAPP)သည် လူအများ အောင်မြင်မှုပန်းတိုင်များသို့ ရောက်ရှိရန် ကူညီခြင်း၊ နေကောင်းကျန်းမာစိတ်ချမ်းသာမှု တိုးတက်စေရန် ကူညီခြင်းတို့တွင် အလွန်စိတ်အားထက်သန်သူတစ်ဦး ဖြစ်သည်။ သူသည် Strengths Optimizer ကိုတည်ထောင်သူနှင့် ဒါရိုက်တာတစ်ဦးဖြစ်ပြီး၊ သူသည်စာရင်းဝင် ဆွေးနွေးညှိနှိုင်းသူတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်လျှက်ရှိသည်။ ခန္ဓာ၊ စိတ်၊ ဝိညာဥ်ခွန်အားနည်းပြ ဘွဲ့လက်မှတ်ကို ရရှိထားကာ တရားဝင် အသိအမှတ်ပြုခံထားရသော စိတ်ကျန်းမာရေး ရှေးဦးသူနာပြု ညွှန်ကြားသူတစ်ဦးအဖြစ် နှစ်ပေါင်း (၂၀) ကြာ တာဝန်ထမ်းဆောင်လျှက်ရှိသည်။ သူသည် YouTube စီးရီးများဖြစ်သော Science UP Your Wellbeing ကိုတင်ဆက်သည့် အစီအစဥ်မှူးဖြစ်ပြီး ထုတ်လုပ်သူလည်းဖြစ်သည်။ ထိုကဏ္ဏတွင် သူသည် နေကောင်းကျန်းမာ စိတ်ချမ်းသာခြင်း သိပ္ပံပညာရပ်တွင် ကျွမ်းကျင်သော မေးမြန်းစစ်ဆေးသူဖြစ်ပြီး လူသားတို့ အောင်မြင်ကျန်းမာ တိုးတက်ကြီးပွားရန် အထောက်အကူဖြစ်စေမည့် ဥာဏ်ပညာရှိသော အကြံဥာဏ်ကောင်းများကို ဝေငှလျှက်ရှိသည်။ သူသည် လက်တလောတွင် သြစတြေးလျနိုင်ငံ၊ မဲလ်ဘွန်းမြို့တွင် နေထိုင်လျှက်ရှိသည်။

အားနည်းမှုမှ ခွန်အားအစွမ်း