ဖခင်အတွက် အကြံပြုချက်များ

 လတ်တလောတွင် 
 ပြုမိသောအမှားတစ်ခုကြောင့် 
 အပြစ်ပေးခံခဲ့ရသည့် အကြောင်းကို 
 ကလေးများအား မျှဝေခိုင်းပါ။

ပထမဦးဆုံးမိသားစု

ချစ်ခြင်းမေတ္တာ၌ အပြစ်စီရင်ခြင်း

ကမ္ဘာဦးကျမ်း ၃:၈-၂၄

အာဒံနှင့်ဧဝတို့သည် အကောင်းအဆိုးသိကျွမ်းရာအပင်မှ အသီးကို စားပြီးနောက်၊ ဘုရားသခင်သည် ဥယျာဉ်သို့ ကြွလာသောအခါ၊ သူတို့သည် ပုန်းကွယ်လျက်နေကြ၏။ ဘုရားသခင်က “သင်သည် အဘယ်မှာရှိသနည်း” ဟု မေးတော်မူသောအခါ၊ အာဒံက “ကိုယ်တော်၏အသံကိုကြား၍ အကျွန်ုပ်မှာ အဝတ်မပါအချည်းစည်းဖြစ်သောကြောင့် ကြောက်၍ ပုန်းကွယ်နေပါသည်” ဟု လျှောက်လေ၏။

ဘုရားသခင်ကလည်း “အဝတ်မပါအချည်းစည်းဖြစ်သည်ဟု မည်သူပြောသနည်း။ မစားရဟု သင့်အား ငါပညတ်ထားသောအပင်မှအသီးကို သင်စားပြီလော”ဟု မေးတော်မူ၏။

အာဒံသည် အလျင်အမြန် သူများအပေါ်အပြစ်တင်ခြင်း ပြုလိုက်ပြီး၊ “ကိုယ်တော်ပေးထားသောမိန်းမသည် ထိုအပင်မှအသီးကို အကျွန်ုပ်အားပေး၍ အကျွန်ုပ်စားမိပါသည်”ဟု ပြန်လျှောက်လေ၏။

ဧဝက “မြွေသည် အကျွန်ုပ်ကိုလှည့်စား၍အကျွန်ုပ်စားမိပါသည်”ဟု လျှောက်ဆိုပြီး မြွေကို အပြစ်တင်လေ၏။

ဘုရားသခင်သည် ဤသို့ပြုခဲ့သော မြွေထံသို့ လှည့်သွား၍ “သင့်အားကျိန်ဆို၏။ သင်သည် ဝမ်းဗိုက်ဖြင့် အစဥ်တွားသွား၍၊ သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်” ဟု မိန့်တော်မူ၏။

ဘုရားသခင်က ကျွန်ုပ်တို့ကို အစကတည်းက ကယ်တင်ဖို့ အစီအစဉ်ရှိသော်လည်း၊ ယောက်ျားနှင့် မိန်းမတို့သည် ဘုရားသခင်အမိန့်ကို မနာခံသောအပြစ်၏အကျိုးဆက်ကို ခံစားကြရဆဲဖြစ်သည်။ မိန်းမသည် သားဖွားစဉ်တွင် ပြင်းထန်သောဝေဒနာကို ခံစားရကာ၊ ယောက်ျားသည် ပင်ပန်းခက်ခဲစွာ လုပ်ကိုင်စားသောက်ရပြီး၊ လူသားအားလုံးသည် သေဆုံး၍ မြေမှုန့်သို့ ပြန်ရမည်ဖြစ်သည်။

သို့သော် ဘုရားသခင်က ဧဝ၏သားသမီးများထဲမှ သခင်ယေရှု ကြွလာမည်ဖြစ်ပြီး၊ စာတန်ဖြစ်သော မြွေကို ဖျက်ဆီးလိမ့်မည်ဟု မိန့်တော်မူခဲ့သည်။ ဤကယ်တင်ခြင်းသည် ကြီးမားသောပေးဆပ်မှုဖြင့် ရောက်လာလိမ့်မည်၊ အကြောင်းမှာ သခင်ယေရှုလည်း ထိခိုက်နာကျင်ရလိမ့်မည်။

ထိုအချိန်တွင် အာဒံနှင့်ဧဝသည် ဧဒင်ဥယျာဉ်မှ ထွက်ခွာခဲ့ရသည်။ ဧဒင်ဥယျာဉ်တွင် ဘုရားသခင်နှင့် လမ်းအတူလျှောက်ပြီး ကိုယ်တော်အတူရှိခြင်းကို မခံစားနိုင်တော့ပေ။

သို့သော် သူတို့ မထွက်ခွာမီ ဘုရားသခင်သည် အာဒံနှင့်ဧဝအတွက် သားရေဝတ်ရုံကိုလုပ်၍ ဝတ်ဆင်ပေးခဲ့သည်။

ဘုရားသခင်သည် သူတို့အား ဂရုစိုက်ပြီး ချစ်နေဆဲဖြစ်သည်။

 

<<<စာမူအဟောင်းသို့ | စာမူအသစ်သို့>>>