ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင် ဖြစ်သည်ဟု သိမှတ်ကြလော့။ (ဆာ ၄၆:၁၀)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ဆာလံကျမ်း ၄၆

ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အား ကို ပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။ ထိုကြောင့် ပထဝီမြေကြီးသည် ရွေ့သွား၍ တောင်များတုန်လှုပ်လျက် သမုဒ္ဒရာသို့ကျသော်လည်း၊ ငါတို့သည် ကြောက်လန့်ခြင်းမရှိ။ သမုဒ္ဒရာရေသည် ဟုန်းဟန်းမြည်၍ မွှေနှောက်ပါ လေစေ။ လှိုင်းတံပိုးထသဖြင့်၊ တောင်များတုန်လှုပ်ပါ လေစေ။ မြစ်တမြစ်ရှိသေး၏။ ထိုမြစ်ရေသည်စီး၍ ဘုရားသခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား ကျိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်း စေတတ်၏။ ထိုမြို့သည် ဘုရားသခင်ကျိန်းဝပ်တော်မူရာ ဖြစ်၍ တုန်လှုပ်ခြင်း မရှိရာ။ မိုဃ်းသောက်လင်းစ၌ ဘုရားသခင်ကူမတော်မူလိမ့်မည်။ လူမျိုးတို့သည် ဟုန်းဟုန်းမြည်ကြ၏။ တိုင်းနိုင်ငံ တို့သည် လှုပ်ရှားကြ၏။ ဗျာဒိတ်သံကို လွှတ်တော်မူ၍ မြေကြီးသည် အရည်ဖြစ်လေ၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်အမျိုး၏ ဘုရားသခင် သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ၏။ ထာဝရဘုရားစီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ်ရှင်းခြင်း အမှုတော်များကို လာ၍ကြည့်ရှု ကြလော့။ လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက်၊ မြေကြီး စွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ၏။ ၁၀ ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင် ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။ ၁၁ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ်၏ ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။

ငြိမ်ဝပ်လျက်နေကြလော့

လွန်လေသောနှစ်များစွာက ကျွန်တော့်ထံရောက်လာသည့် စာများကို ၂ ပတ် အတွင်း ပြန်စာများရေးသားပေးပို့လျက် စာပေးစာယူဆက်သွယ်သူများကို ကျေနပ် ပျော်ရွှင်စေခဲ့သည်။ ထို့နောက် ‘ဖက်’ (Fax) ပေါ်လာသောအခါ ၂ ရက်အတွင်း စာပြန်ပေး၍ ၎င်းတို့ပျော်ရွှင်ကျေနပ်သည့်ပုံ ပေါ်ပါသည်။ ယခုတွင် အီးမေးလ်ဖြင့် ချက်ခြင်း စာပြန် စာပို့နိုင်ခြင်း၊ ဖုန်းများပေါ်လာချိန်တွင်လည်း ယခင်ကကဲ့သို့ပင် ပြန်ကြားတုံ့ပြန်မှုကို လူတို့မျှော်လင့်ကြသည်။

“ငြိမ်ဝပ်လျက် နေကြလော့။ ငါကား ဘုရားသခင် ဖြစ်သည်ဟု သိမှတ်ကြလော့။” ကျွန်ုပ်တို့ အကျွမ်းတဝင်ရှိပြီးသား ထိုကျမ်းပိုဒ်တွင် တန်းတူအရေးကြီးသည့် အမိန့်တော် ၂ ရပ်ကို တွေ့ရသည်။ ပထမအချက်မှာ ကျွန်ုပ်တို့၏ လက်ရှိမျက်မှောက်ခေတ်နှင့် ဖီလာဆန့်ကျင် လျက် ငြိမ်ဝပ်စွာနေရန် ဖြစ်သည်။ ပျားပန်းခတ်ဆူညံနေသည့်ကမ္ဘာ၌ ငြိမ်ဝပ် ဆိတ်ညံချိန် နည်းနည်းလေးပင် သူ့အလိုအလျောက် ဖြစ်မလာတော့ပါ။ တစ်ဖန် “ငါကား ဘုရားသခင် ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်” ဟူသည့် ဒုတိယအမိန့်တော်ကို ကျွန်ုပ်တို့ခံယူနိုင်အောင် ငြိမ်ဝပ်ခြင်းက မစသည်။ ဘုရားသခင်အား ချီးမြှောက်ခြင်းအမှုထက် ချေမှုန်းနင်းခြေပစ်ရန် ပူးပေါင်း ကြံစည်သည့် ဤလောကကြီး၌ ကျွန်ုပ်၏အတွင်းလူကို အားဖြည့်ပေးရန် ကိုယ်တော်အား ကျွန်ုပ်တို့ မည်သို့ အချိန်ဖဲ့ပေးနိုင်မည်နည်း။

“ဆုတောင်းခြင်းသည် ရှိသမျှအာရုံကို (တစ်စုံတစ်ရာအပေါ်) စူးစိုက်ထားရှိသည့် အာရုံပြုခြင်း အလေ့အကျင့်ဖြစ်သည်” ဟု Patricia Hampl က ရေးသားခဲ့သည်။ ဆုတောင်းခြင်းသည် အာရုံပြုခြင်း အလေ့အကျင့်ဖြစ်သည်။ ထို့နောက် ရှိသမျှအာရုံကို ဘုရားသခင်ထံ စုစည်းအာရုံပြုပါ။ လူသားတို့၏ အားနည်းမှုအပေါ် အနန္တ သနားခြင်း ကရုဏာနှင့်တုံ့ပြန်သော ဘုရားသခင်ထံ မိမိ၏ချို့ယွင်းချက်၊ အားနည်းချက်နှင့် အကန့်အသတ်ရှိမှု (မတတ်နိုင်မှု)များကို ဝန်ခံနိုင်အောင် ဆုတောင်းခြင်းက မစအခွင့်ပေး ပေ၏။ PHILIP YANCEY

သခင်ဘုရား၊ ငြိမ်ဝပ်နေနိုင်ရန် မစမူပါ။
ကိုယ်တော်နှင့်ဆုတောင်းလျက် အချိန်ယူသောအခါ ကျွန်ုပ်ဝိညာဉ်ကို အားဖြည့်ပေးပါ။

ဆုတောင်းချိန်၌ ဘုရားသခင်သည် ကျွန်ုပ်တို့၏စိတ်နှလုံးကို ငြိမ်ဝပ်စေသည်။

ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။