ငါတို့သည် သစ္စာနှင့်ပြည့်စုံသော သဘောရှိ၍ ဝိစိကိစ္ဆာနှင့်ကင်းသော ယုံကြည်ခြင်း၌တည်လျက် … အထံတော်သို့ တိုးဝင် ချဉ်းကပ်ကြကုန်အံ့။ (ဟေဗြဲ ၁၀:၂၂)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ဟေဗြဲဩဝါဒစာ ၁၀:၁၉-၂၅

၁၉ ထိုကြောင့် ညီအစ်ကိုတို့၊ ယေရှု၏ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊ ၂၀ ငါတို့သည် သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကိုအမှီ ပြု၍အဆီးအတားမရှိ၊ ဝင်ရသောအခွင့်ရှိသဖြင့်၎င်း၊ ၂၁ ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းရှိသဖြင့်၎င်း၊ ၂၂ ငါတို့သည် သစ္စာနှင့် ပြည့်စုံသော သဘောရှိ၍၊ ဝိစိကိစ္ဆာနှင့် ကင်းသောယုံကြည်ခြင်း၌ တည်လျက်၊ စိတ်နှလုံးကို သံဝေဂတရားနျင့်လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်း ရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။ ၂၃ မြော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့ အကြောင်း မူကား၊ ဂတိထားတော်မူသော သူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ၂၄ ထိုမှတပါး မေတ္တာစိတ်ရှိစေခြင်းငှါ၎င်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှါ၎င်း၊ တိုက်တွန်း နှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတယောက်ကို တယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ ၂၅ လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်း ချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့။

ကျေးဇူးပြု၍ ဝင်လာပါ

ဂျဲနီ၏အိမ်က မြို့စွန်မြေလမ်းကျဉ်းလေးတွင် တည်ရှိပြီး ယာဉ်ကြောကြပ်သော အချိန်တွင် အဓိကလမ်းမကြီးနှင့် မီးပွိုင့်များကို ရှောင်ရှားလိုသော ယာဉ်မောင်းများက ထိုလမ်းကို မကြာခဏအသုံးပြုကြသည်။ လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က ဆိုးဆိုးရွားရွား ပျက်စီးနေသောလမ်းကို ပြုပြင်ရန် အလုပ်သမားများရောက်ရှိလာပြီး “မဝင်ရ” ဆိုင်းဘုတ်နှင့် ကြီးမားသော အရံအတားများကိုပါ ယူဆောင်လာကြသည်။ “အစတော့ ကျွန်မတကယ့်ကို စိုးရိမ်သွားတယ်။ လမ်းပြင်လို့မပြီးမချင်း ကျွန်မ ကားသုံးလို့ မရဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ဆိုင်းဘုတ်ကို အနီးကပ် သွားကြည့်တော့မှ ‘မဝင်ရ။ လမ်းအတွင်း နေထိုင်သူများကိုသာ ဝင်ခွင့်ပြုသည်’ လို့ ရေးသားထားတာကို တွေ့လိုက်ရတယ်။ ကျွန်မအတွက် အတားအဆီး မရှိတော့ဘူး။ ကြိုက်တဲ့အချိန် ဝင်ထွက်လို့ရတဲ့ အခွင့်အရေး ရသွားပြီ။ ဘာလို့လဲဆိုတော့ ကျွန်မက အဲဒီလမ်းထဲမှာနေလို့လေ။ အထူးအခွင့်အရေးရတဲ့လူလို့ ကျွန်မခံစားရတယ်” ဟု ဂျဲနီ က ပြောသည်။

ဓမ္မဟောင်းကာလ တဲတော်နှင့် ဗိမာန်တော်၌ ဘုရားသခင်ရှေ့တော်သို့ဝင်ရန် တင်းကျပ်စွာကန့်သတ်ထားသည်။ ယဇ်ပရောဟိတ်ကြီးများသာ ကုလားကာထဲသို့ဝင်၍ အသန့်ရှင်းဆုံးနေရာတွင် တစ်နှစ်လျှင် တစ်ကြိမ်သာ ယဇ်ပူဇော်ခွင့်ရှိကြသည် (ဝတ် ၁၆:၂-၂၀ဟေဗြဲ ၉:၂၅-၂၆)။ သို့သော် သခင်ယေရှု အသေခံခဲ့ခြင်းကြောင့် ဘုရားနှင့် လူကြားရှိ အတားအဆီး ထာဝရကျိုးပျက်ကြောင်း ပုံဆောင်သည့်အနေဖြင့် ဗိမာန်တော်ရှိ ကုလားကာ အထက်စွန်းမှအောက်စွန်းထိတိုင် နှစ်ခြမ်းကွဲသွားခဲ့သည် (မာ ၁၅:၃၈)

ကျွန်ုပ်တို့အပြစ်များအတွက် ခရစ်တော်ပေးဆပ်ခဲ့ခြင်းကြောင့် ကိုယ်တော့်ကို ချစ်၍ နောက်တော်သို့လိုက်သောသူများ ကိုယ်တော်ရှေ့တော်မှောက်သို့ အချိန်မရွေး ဝင်ခွင့်ရပြီဖြစ်သည်။ ဘုရားသခင်ရှေ့တော်သို့ ဝင်ခွင့်ရသောအခွင့်ကို ကိုယ်တော်ပေးခဲ့သည်။ MARION STROUD

ကိုယ်တော့်ရှေ့တော်မှောက်သို့ အတားအဆီးမရှိ ဝင်ခွင့်ရရန် ထိုအဖိုးအခကို ကိုယ်တော်ပေးဆပ်ခဲ့ခြင်းအတွက် ကျေးဇူးတင်ပါ၏ သခင်ဘုရား။

ဘုရားသခင်၏ပလ္လင်တော်သို့ ဝင်ရသောအခွင့်ကို အမြဲဖွင့်ထားသည်။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။