အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ (မ ၂၇:၄၆)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်မဿဲခရစ်ဝင် ၂၆:၃၉-၄၂၊ ၂၇:၄၅-၄၆

၂၆:၃၉ ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပြပ်ဝပ်၍အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။ ၂၆:၄၀ တပည့်တော်တို့ရှိရာသို့ပြန်၍ သူတို့သည် အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူလျှင်၊ သင်တို့သည် တနာရီခန့်မျှ ငါနှင့်အတူစောင့်၍နေခြင်းငှါ ဤသို့မစွမ်းနိုင်သလော။ ၂၆:၄၁ စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက်စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊ ၂၆:၄၂ တဖန်သွား၍ အကျွန်ုပ်အဘ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်၍မသွားရလျှင် ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန်၏။

၂၇:၄၅ မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။ ၂၇:၄၆ သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော် တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း ဟု ဆိုလိုသတည်း။

ကိုယ်တော်နားညောင်းမူသလား

အရက်စွဲနေသော ခင်ပွန်းက တစ်ဘက်နှင့်မို့ ဘုရားရှင်နှင့် မှန်ကန်စွာ လျှောက်လှမ်းနိုင်ရန် ကြိုးစားရှင်သန်နေသူ အမျိုးသမီးက “တစ်ခါခါမှာ ဘုရားက ကျွန်မကို နားမထောင် ဂရုမစိုက်ဘူးလို့ ခံစားရတယ်” ဟု ဆိုသည်။ ဤစကားများက ယုံကြည်သူများစွာတို့၏နှလုံးသားငိုကြွေးသံနှင့် ထပ်တူဖြစ်သည်။ ခင်ပွန်းသည်အား ပြောင်းလဲပေးရန် ဘုရားထံ ၁၈ နှစ်လုံးလုံး တောင်းခံခဲ့လည်း ဘာမျှဖြစ်မလာပါ။

ဘုရားသခင်၏ဘုန်းထင်ရှားစေမည့်အရာ၊ ကောင်းသောအရာတစ်ခုခုကို ထပ်ခါတလဲလဲ ဘုရားရှင်ထံ တောင်းလျှောက်သော်လည်း အဖြေကို မရရှိပါက မည်သို့ ယူဆရမည်နည်း။ ကိုယ်တော်ရှင် ဂရုပြုနာညောင်းသလော။ နားမညောင်းသလော။

ကယ်တင်ရှင်ဘုရား၏ အသက်တာကို ဆင်ခြင်ကြည့်ပါစို့။ ဂေသရှေမန်ဥယျာဉ်အတွင်း သခင်သည် အချိန်ကြာမြင့်စွာ ဆု‌တောင်းလျက် ပြင်းပြစွာ ဝေဒနာခံစားစေခဲ့သည်။ သူ့နှလုံးသားအလိုကို ဖွင့်ပြလျက် “ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော” ဟု အသနားခံခဲ့သည် (မ ၂၆:၃၉)။ သို့သော် ခမည်းတော်၏အဖြေက “မလွန်ရပါ” ဟူသတည်း။ ကယ်တင်ခြင်းအတွက် လက်ဝါးကပ်တိုင်ထက်၌ အသေခံရန် ဘုရားသခင်သည် သားတော်ယေရှုကို စေလွှတ်သည်။ ခမည်းတော်ဘုရား သူ့အား စွန့်ပစ်သကဲ့သို့ ခံစားရသည့်တိုင် ဘုရားရှင်က သူ့အား နားထောင်နေကြောင်း ယုံကြည်စိတ်ချ၍ သခင်ဘုရားက အလေးအနက် ပြင်းပြင်းထန်ထန် ဆုတောင်းခဲ့သည်။

ကျွန်ုပ်တို့ ဆုတောင်းသောအခါ၌လည်း ဘုရားရှင် မည်သို့ လုပ်ဆောင်ပေးကြောင်း မြင်ချင်မှမြင်ရမည်။ မည်သို့ ကျေးဇူးပြုလာမည်ကို နားလည်ချင်မှ နားလည်မည်။ ထို့ကြောင့် ကိုယ်တော်ရှင်အား ယုံကြည်စိတ်ချပါ။ အခွင့်အ‌ရေးတောင်းဆိုမှုကို ရပ်ပြီး ဘုရားရှင်အား အကောင်းဆုံး ပြုခွင့်ပေးပါ။

အရာခပ်သိမ်းကို သိတော်မူသူထံ မသိနားမလည်နိုင်သည့်အမှုများကို အပ်နှံလိုက်ပါ။ ကိုယ်တော်သည် နားညောင်းမူပြီး သူ့အလိုတော်နည်းလမ်းအတိုင်း လုပ်ဆောင်နေပါ၏။ – Dave Branon

ကျွန်ုပ်တို့ ဒူးညွတ်ဆုတောင်းသောအခါ ဘုရားရှင်လည်း နားစွင့်ထားသည်။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။