သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သော ယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌ လည်းကောင်း၊ အစိုးရသောအရှင်အရာ၌ လည်းကောင်းခန့်ထားတော်မူသည်။ (တ ၂:၃၆)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ တမန်တော်ဝတ္ထု ၂:၂၂-၃၆

၂၂ ဣသရေလလူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့ သိကြသည့်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသောသက်သေကို ရသောသူဖြစ်၍၊ ၂၃ ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်အားဖြင့်၎င်း၊ အနာဂတံသ ဥာဏ်တော်အားဖြင့်၎င်း၊ အပ်နှံခြင်းကိုခံသော ထိုယေရှုကို သင်တို့သည် ဘမ်းဆီး၍ မတရားသော သူတို့လက်ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက်၍ ကွပ်မျက်ကြပြီ။ ၂၄ ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင်၍ မဖြစ်နိုင်သည်နှင့်၊ ထိုဝေဒနာကို ဘုရားသခင်သည် ချွတ်ပယ်၍ ထမြောက်စေတော်မူပြီ။ ၂၅ ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည်ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။ ၂၆ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။ ၂၇ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေတော် မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်။ ၂၈ မျက်နှာတော်ကို ဖူးမြင်ရသောအားဖြင့် ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကိုပြည့်စုံစေတော်မူလိမ့်မည် ဟုဒါဝိဒ်ဆိုသတည်း။ ၂၉ ညီအစ်ကိုတို့၊ အမျိုး၏အဘဖြစ်သော ဒါဝိဒ်၏အကြောင်းကို ငါသည် သင်တို့အား အတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည် သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင် ငါတို့၌ရှိ၏။ ၃၀ ထိုသူသည် မိမိအမျိုးအနွယ်ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင်ထမြောက်စေ၍ မိမိ ပလ္လင်ပေါ်မှာတင်တော်မူမည်အကြောင်း ဓိဋ္ဌာန် ကျိန်ဆိုတော်မူသည်ကို ပရောဖက်ဥာဏ်အားဖြင့်သိ၍၊ ၃၁ ခရစ်တော်၏ ထမြောက်ခြင်းအကြောင်းကို ရည်မှတ်လျက်၊ ထိုခရစ်တော်၏စိတ်ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဥာဏ်နှင့် ဟောလေ၏။ ၃၂ ထိုယေရှုကို ဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။ ၃၃ ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှောက်တော်မူသဖြင့်၊ ထိုသခင်သည် ဂတိတော်နှင့် ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍ သင်တို့သိမြင်ကြားရသောအရာကို ညွန်းလောင်းတော်မူ၏။ ၃၄ ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး၊ ၃၅ သို့ရာတွင် ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ထိုင်နေလော့ဟု ငါ့သခင်အားမိန့်တော်မူသည်ဟု ဒါဝိဒ် စကားရှိ၏။ ၃၆ ထို့ကြောင့် သင်တို့သည်လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သောယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌၎င်း၊ အစိုးရသောအရှင်အရာ၌၎င်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန် သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။

အကြီးမားဆုံးသောအမှား

သခင်ယေရှု၏နောက်တော်လိုက်များက သခင်ယေရှု ကားစင်တင်သတ်ခံရခြင်းကို သမိုင်းတွင် အကြီးမားဆုံးသောအမှားဟု မြင်ကြသည်။ သိုသော်လည်း သူတို့သည် ကားတိုင်ကို ဘုရားကျောင်း အဆောက်အအုံများတွင် ထားရှိကြသည်။ ကားတိုင်ကို လက်ဝတ်ရတနာများအဖြစ် ဝတ်ဆင်ကြသည်။ ကားတိုင်နှင့်ပတ်သက်၍ သီချင်းရေးစပ်သီဆိုကြသည်။ ဤကဲ့သို့ ဒုက္ခခံစားပေးဆပ်ရပြီး အရှက်ရ စေသော ဆိုးရွားသည့်သင်္ကေတကို လူတို့ အဘယ့်ကြောင့် အမြတ်တနိုးထားကြသနည်း။

ရှေးခတ်ကာလတွင် ရာဇဝတ်မှုကျူးလွန်သူများနှင့် တော်လှန်ပုန်ကန်သူများကို ကားစင်တင်သတ် ကြရသည်။ ၎င်းသည် သခင်ခရစ်တော် မပေါ်မှီ ဘီစီ ၄ ရာစုတွင် ကြီးမြတ်သော ဟေရုဒ်မင်းကြီး သေဆုံးပြီးနောက် ဆူပူအုံကြွမှုပေါ်ပေါက်လာချိန်၌ ရောမစစ်သားများသည် ဂါလိလဲပြည်၏ လမ်းမကြီးပေါ်တွင် ဆူပူအုံကြွသူများ၏ ခန္ဓကိုယ်တစ်ခုစီကို ပါရှိသည့် ကားတိုင်ပေါင်း ၂၀၀၀ ကို စီချခဲ့ ကြသည်ဟုဆိုသည်။ ရောမအစိုးရကို ဆန့်ကျင်ကာ တော်လှန်ပုန်ကန်မည်ဟု ယူဆရသူတစ်ဦးစီ၏ စိတ်နှလုံး၌ ကြောက်ရွံ့မှုကို ရိုက်သွင်းပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

သို့သော် သခင်ယေရှု၏သေခြင်းက သူတို့နှင့်မတူ၊ ထိုသို့မဟုတ်ပါ။ သူသည် အလားတူ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို ခံခဲ့ရသည်။ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား အဘယ့်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟု ဟစ်ခေါ်ခဲ့သည့်တိုင် (မာ ၁၅:၃၄) စွန့်ပစ်ခံရသည့် ဆိုးရွားသောအတွေ့အကြုံကို ခံစားခဲ့ရသည်။ လောကသားအားလုံး၏အပြစ်ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်မှန်ကန်သော အမျက်ဒေါသကို သူတွေ့ကြုံခံစားခဲ့ရသည်။ သေခြင်းအားဖြင့် သူသည် ကျွန်ုပ်တို့အားလုံး၏ အပြစ်အဖိုးအခကို အပြည့်အဝပေးဆပ်ခဲ့ပြီး သေခြင်းတန်ခိုးကို ချိုးဖျက်ခဲ့သည်။ အများက အမှားဟု ထင်မှတ်ခဲ့သည့် ကားတိုင်ပေါ်တွင် သခင်ခရစ်တော် ပြုခဲ့သည့်အမှုကို သက်သေထူရန် ဘုရားသခင်သည် သူ့ကို သချိုင်းမှ ရှင်ပြန်ထမြောက်စေခဲ့သည် (တမန်တော်ဝထ္ထု ၂:၂၄၊ ရောမဩဝါဒစာ ၁:၄)

သမိုင်း၏အကြီးမားဆုံးသောအမှားသည် ကျွန်ုပ်တို့ကို အပြစ်မှလွတ်ငြိမ်းစေခဲ့ပြီး လုံခြုံစေခဲ့သည်။ သူ၏ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့အတွက် သေခြင်းကို အတုမရှိအောင်မြင်ခြင်းကို သေချာ ခိုင်မာစေခဲ့သည်။ ဤသည်မှာ ကျွန်ုပ်တို့ကားတိုင်ကို ချစ်မြတ်နိုးရသည့်အကြောင်းရင်းပင်ဖြစ်သည်။ – Herbert Vander Lugt

သခင်ခရစ်တော်၏ကားတိုင်တော်သည် လူသားအပြစ်၏ အဆိုးရွားဆုံးသောအချိန်၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်၏ အကောင်းဆုံးအခြေအနေကို ထုတ်ဖော်ပြသည်။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။