… ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။ (လု ၉:၂၃)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်လုကာခရစ်ဝင် ၉:၁၈-၂၆

၁၈ တရံရောအခါ၊ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ၁၉ လူအချို့က ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည်ဟူ၍လည်းကောင်း၊ အချို့က ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က ရှေးပရောဖက် တပါးပါးထပြန်သည်ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊ ၂၀ သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ၂၁ ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့ကို ကြပ်တည်းစွာ ပညတ်တော်မူ၏။ ၂၂ ထိုမှတပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများတို့ကို မိန့်တော်မူ၏။ ၂၃ ထိုမှတပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။ ၂၄ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။ ၂၅ ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ ကိုယ်ကို ကိုယ်ဆုံးရှုံးသောသူသည် အဘယ်ကျေးဇူးရှိသနည်။ ၂၆ အကြင်သူသည် ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်း ရှက်၏။ လူသားသည် မိမိဘုန်း၊ မိမိအဘခမည်းတော်၏ ဘုန်း၊ သန့်ရှင်းသော ကောင်းကင်တမန်တို့၏ဘုန်းကို ဆောင်လျက်ကြွလာသောအခါ၊ ထိုသူကို ရှက်တော် မူလတံ့။

ရှင်သန်ရန် သေဆုံးခြင်း

ရောမ ခေတ်အချိန်က ကြက်ခြေခတ်/ကန့်လန့်ဖြတ်မျဉ်း/ကားတိုင်သည် သေခြင်းအတွက် ပုံစံဒီဇိုင်းဖြစ်သည်။ ၎င်းပုံစံကို အခြား မည်သည့်အရာအတွက်မျှ မသုံးပါ။ ထို့ကြောင့် သူ၏နောက်သို့လိုက်လိုသူသည် နေ့စဉ် မိမိ၏လက်ဝါးကပ်တိုင်/ကြက်ခြေခတ်ကို ယူဆောင်-ထမ်း၍ လိုက်ရမည်ဟု သခင်ယေရှုပြောဆိုရာတွင် မည်သည်ကို အဓိပ္ပာယ်ဖွင့်လိုပါသနည်း (လု ၉:၂၃)။ ကျွန်ုပ်တို့အားလုံး ကားတင်အသတ်ခံရမည်ဟု သခင် မပြောခဲ့ပါ။ ‘လက်ဝါးကပ်တိုင်’ ဟု သခင်ရည်ညွှန်းရာ၌ ကျွန်ုပ်တို့စိတ်နှလုံး၏ အလိုဆန္ဒများကို သေဆုံးစေပြီး၊ ဘုရားရှင်၏အလိုတော်မြတ်ကို တိတ်ဆိတ်စွာ ဝန်ခံအပ်နှံရန် ဖြစ်ပါသည်။

ထိုသို့သော သေဆုံးခြင်းသည် ပို၍ လိုက်လျောအလျှော့ပေးသော ကူညီသူများ၊ ပို၍ လေးစားလိုက်နာသော သားသမီး/ကလေးများ၊ ပို၍ကြီးသော အိမ်/အိမ်ခန်းအတွက် ကျွန်ုပ်တို့၏လောဘကို ငြင်းပယ်ခြင်းဖြစ်ပါသည်။ ၎င်းသည် လွဲမှားစွာ နားလည်ခြင်း၊ ကသိကအောက်ဖြစ်ခြင်း၊ လေးစားအထင်ကြီးမှု ဆုံးရှုံးခြင်းတို့ကို ညည်းခံခြင်းဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့၏ မပြောင်းလဲသော အခြေအနေများကို လက်ခံခြင်းလည်း ဖြစ်ပါသည်။ သာသနာပြုကဗျာရေးသူ အေမီ ခါးမိုက်ကယ် (Amy Carmichael)သည် နာကျင်ခံစားမှုနှင့် ဒုက္ခဝေဒနာအကြောင်း ကောင်းစွာသိရှိကာ “ကြိုဆိုလက်ခံသည်းခံခြင်း၌ ငြိမ်သက်အေးချမ်းမှုတည်ရှိသည်။ – In acceptance lieth peace.” ဟု ရေးသားခဲ့သည်။

ကျွန်ုပ်တို့၏ကားတိုင်ကို ကျွန်ုပ်တို့ နေ့စဉ်ထမ်းရမည်ဟု သခင်ယေရှု ပြောကြားခဲ့ပါသည်။ နံနက်တိုင်း ကျွန်ုပ်တို့နိုးထကာ၊ ရွှင်လန်းတက်ကြွစွာ၊ ရဲရင့်စွာ မိမိ၏ဝန်ထုပ်ကို ထမ်းရခြင်းမှာ နေ့စဉ်ဆောင်ရွက်ရန် တစ်ခုမဟုတ်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ ထိုအရာသည် ဆက်တိုက်ဖြစ်နေပြီး၊ လုံလောက်သည့်ကျေးဇူးတော်ရှိသော အရှင်သခင်၏စွမ်းအားက ကျွန်ုပ်တို့၏အားနည်းခြင်း၌ ပြီးပြည့်စုံစေပါသည် (၂ ကော ၁၂:၉)။ ထိုအရှင်သည် ကျွန်ုပ်တို့ကို မည်သည့်အခါမျှ မထားခဲ့ပါ၊ မစွန့်ပစ်ပါ (ဟေဗြဲ ၁၃:၅)။ ကျွန်ုပ်တို့ သေအံ့ဆဲဆဲတွင် ယခင်ကထက် ကျွန်ုပ်တို့ ပို၍ရှင်သန်သက်ဝင်စေမည်ဟု သခင်ယေရှု ကတိထားခဲ့ပါသည် (၁ ကော ၁၅:၅၃-၅၇)

ရှင်သန်သက်ဝင်ရန် သင် သေဆုံးပြီလား။ – David Roper

တစ်နေ့ပြီးတစ်နေ့၊ ဆိုင်ပြိုင်တိုက်ပွဲဝင်
တစ်နေ့ပြီးတစ်နေ့၊ ဘုရားအလိုတော်အတွက်ပင်
တစ်နေ့ပြီးတစ်နေ့၊ ကားတိုင်ကို ထမ်းစဉ်
ဖြောင့်မှန်ရန်အတွက်သာ ရှာဖွေကြိုးပမ်းခြင်းပင်။ – Fisher

ကြိုဆိုလက်ခံသည်းခံခြင်း၌ ငြိမ်သက်အေးချမ်းမှုကို ကျွန်ုပ်တို့ရှာတွေ့သည်။


ထင်ဟပ်ဖော်ပြချက်

‘လူသား’ (လု ၉:၂၂၊ ၂၆) ဟူသော စကားလုံးသည် ရှင်လုကာ၏ ခရစ်ဝင်မှတ်တမ်းအတွက် တစ်မူထူး မနေသော်လည်း၊ ထိုကျမ်းစောင်၏ အဓိကဆိုလိုရင်းကို ပုံဖော်နေပါသည်။ ရှင်မဿဲ၏ ဧဝံဂေလိခရစ်ဝင်ကျမ်းက ခရစ်တော် တည်းဟူသော ‘ဂျူးလူမျိုးတို့၏ ဘုရင်’အဖြစ် စူးစိုက်ဖော်ပြပြီး၊ ရှင်မာကုက ‘အစေခံဘုရား’အဖြစ် သခင်ယေရှုကို ရှုမြင်သည်။ ရှင်ယောဟန်က ကယ်တင်ရှင် မေရှိယ – ‘ဘုရား၏သားတော်’အဖြစ် တင်ဆက်ထားသည်။ ရှင်လုကာက အဖြစ်အပျက်ဇာတ်လမ်းကို ပြောရာ၌၊ ခရစ်တော်၏လူသားဖြစ်ခြင်း ရှုထောင့်မှ ဖော်ပြထားရာ၊ ‘လူသား’ဟူသောအမည်မှာ အံဝင်ခွင်ကျ အဓိကဆိုလိုရင်းဖြစ်ပါသည်။

 

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။