အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့်မထိုက်မတန်။ (မ ၁၀:၃၈)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်မဿဲခရစ်ဝင် ၁၀:၂၄-၃၉

၂၄ တပည့်သည် ဆရာထက်မသာ။ ကျွန်သည် သခင်ထက်မသာ။ ၂၅ တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင် ကဲ့သို့လည်းကောင်းဖြစ်လျှင် သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုဟုခေါ်ဝေါ်ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။ ၂၆ ထို့ကြောင့် သူတို့ကို မကြောက်ကြနှင့်။ ဖုံးထားလျက်ရှိသမျှသောအရာတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။ ၂၇ မှောင်မိုက်၌ သင်တို့အား ငါပြောသောအရာများကို သင်တို့သည် အလင်း၌ ကြားပြောကြလော့။ သင်တို့နားအပါး၌ ပြော၍ ကြားသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလော့ဟု မိန့်တော်မူ၏။ ၂၈ တနည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကိုသာ၍ ကြောက်ကြလော့။ ၂၉ စာငှက်နှစ်ကောင်ကို အဿရိတပြား အဘိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တကောင်မျှ မြေသို့မကျရ။ ၃၀ သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။ ၃၁ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။ ၃၂ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။ ၃၃ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။ ၃၄ မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်။ ထားကို စေလွှတ်အံ့သောငှါ ငါလာသတည်း။ ၃၅ အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားစေခြင်းငှါ ငါလာသတည်း။ ၃၆ ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူ ဖြစ်ကြလိမ့်မည်။ ၃၇ အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူ သည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ ၃၈ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက် မတန်။ ၃၉ မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။

ကားတိုင်ထမ်းခြင်း

လက်ဝါးကပ်တိုင်အား ခရစ်တော်ယေရှု အသေခံရာတွင် သစ်သားဖြင့်ပြုလုပ်သောကိရိယာ၊ ရက်စက် ကြမ်းကြုတ်သည့် အရာအဖြစ် ယနေ့ကျွန်ုပ်တို့ ရှုမြင်ကြသည်။

သခင်ယေရှုသည် ထိုကဲ့သို့ အသေခံမည့်အကြောင်း သူ၏နောက်တော်လိုက်တပည့်တော်များက စိုးစဉ်းမျှ မရိပ်မိမီကပင် ကားတိုင်နှင့်ပတ်သက်၍ သခင်ပြောခဲ့ပါသည်။ ဂါလိလဲအိုင်နံဘေးတွင် တပည့်တော်များအား “ဣသရေလအမျိုး ပျောက်လွင့်သော သိုးများ ရှိရာသို့ အရင်သွားကြလော့။” (မ ၁၀:၆)ဟု မိန့်ကြားရင်း “အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့ မလိုက်။ ထိုသူသည် ငါနှင့်မထိုက်မတန်” (:၃၈)ဟု ယေရှုသခင် မိန့်တော်မူခဲ့သည်။

ကားတိုင်နှင့် ယေရှုအသေခံခြင်းကို သူတို့ မဆက်စပ်မိသော်လည်း ကားတိုင်၏ပုံဆောင်ချက်ကို သိနားလည်ပေသည်။ ကားတင်သတ်ခြင်းသည် ရာဇဝတ်သားကို အဆုံးစီရင်သော သာမန်နည်းလမ်းတစ်ခုဖြစ်ပါသည်။ ကားတိုင်သည် ပြင်းစွာ ဝေဒနာခံရခြင်း၊ ဒဏ်ခံရခြင်းနှင့် အတိဒုက္ခရောက်ခြင်းကို ကိုယ်စားပြုဖော်ဆောင်ကြောင်း တပည့်တော်များ ထင်ရှားစွာ မြင်တွေ့ခဲ့ကြသည်။ ကားတိုင်ထမ်းခြင်းသည် ခဲယဉ်းဆုံးသော အသက်တာလမ်းကို လှမ်းလျှောက်ခြင်းပင်ဖြစ်သည်။

သို့ဖြစ်လျှက် သခင်ယေရှုက ကားတိုင်ထမ်းရန် အဘယ့်ကြောင့်နှိုးဆော်ရပါသနည်း။ သခင်ယေရှုကြောင့် ကြုံတွေ့ရမည့် အခက်အခဲများကိုရင်ဆိုင်လျက် မိမိအားအစေခံမည့်တပည့်တော်များကို ကိုယ်တော်အလိုရှိပါသည်။ မကြာမတင်မီ သူအသတ်ခံရမည်။ ထိုအခါသခင်ယေရှု၏ သတင်းတော်ကို တပည့်တော်များသာ သူတို့ဘာသာသူတို့ ဆက်လက်ဝေငှမည်။ ဧဝံဂေလိ အသံတော်ကို ချုပ်ငြိမ်းစေမည့် ဖိအားများကို ခံရပ်နိုင်ရန်အတွက် ယတိပြတ်ဆက်ကပ်အပ်နှံမှုမျိုး လိုအပ်ပေ၏။ ယနေ့ထိတိုင် ထိုအရာက ကျွန်ုပ်တို့ကို စိန်ခေါ်နေဆဲဖြစ်၏။ မိမိအတ္တကို ငြင်းပယ်လျက် ကားတိုင်ထမ်းကာ ခရစ်တော်ကို အစေခံလိုစိတ် ရှိပါသလား။ ကြီးလေးသောတာဝန်ဖြစ်သော်လည်း ထာဝရတည်မည့် ဆုကျေးဇူးပေတည်း။ – Dave Branon

ကားတိုင်စစ်သူရဲလော၊ သိုးသူငယ်နောက်လိုက်လော၊
ကြောက်ရွံ့လျက် သခင်အားဝန်ခံမည်လော၊
သခင့်နာမ ဝန်ခံရန် ရှက်မည်လော။

ကျွန်ုပ်တို့အတွက် ခရစ်တော်အလုံးစုံပြုခဲ့ပြီးနောက် သူ့အတွက် အကောင်းဆုံးပေးဆပ်ခြင်းမှတစ်ပါး အခြားမည်သည်ကို ပြုနိုင်မည်နည်း။

 

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။