ထိုမိန်းမတို့သည် အလွန်ကြောက်ရွံ့သဖြင့် လည်းကောင်း၊ အလွန်ဝမ်းမြောက်သဖြင့် လည်းကောင်း၊ သင်္ချိုင်းတော်မှ အလျင်အမြန်သွား၍ တပည့်တော်တို့အား ထိုသိတင်းစကားကို ကြားပြောခြင်းငှာ ပြေးကြ၏။ (မ ၂၈:၈)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်မဿဲခရစ်ဝင် ၂၈:၁-၁၀

ဥပုသ်နေ့လွန် ခုနစ်ရက်တွင် ပထမနေ့ရက် မိုးလင်းအံ့ဆဲဆဲအချိန်၌၊ မာဂဒလမာရိနှင့် အခြားသော မာရိသည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ၏။ ထိုအခါ မြေကြီးသည် ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှ ဆင်းလာ၍၊ တွင်းဝ၌ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာ ထိုင်နေ၏။ သူ၏မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင်၏။ အဝတ်သည်လည်း မိုးပွင့်ကဲ့သို့ ဖြူ၏။ လူစောင့်တို့သည် ကောင်းကင်တမန်ကို ကြောက်ရွံ့သဖြင့် တုန်လှုပ်၍ သေမတတ်ဖြစ်ကြ၏။ ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာသတ်သော ယေရှုကို သင်တို့ရှာကြသည်ကို ငါသိ၏။ ဤအရပ်၌မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာ အရပ်ကို ကြည့်ကြလော့။ အလျင်အမြန်ပြန်သွား၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အားပြောကြလော့။ သင်တို့ ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူမည်။ ထိုပြည်၌ သင်တို့သည်ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်။ ငါပြောပြီဟု ထိုမိန်းမတို့အား ကောင်းကင်တမန်ဆို၏။ ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့သဖြင့်လည်းကောင်း၊ အလွန်ဝမ်းမြောက်သဖြင့်လည်းကောင်း၊ သင်္ချိုင်းတော်မှ အလျင်အမြန်သွား၍ တပည့်တော်တို့အား ထိုသိတင်းစကားကို ကြားပြောခြင်းငှါ ပြေးကြ၏။ လမ်းမှာသွားကြစဉ် ယေရှုသည် ကြိုဆိုတော်မူ၍၊ သင်တို့အား မင်္ဂလာဖြစ်စေသတည်းဟု မိန့်တော်မူ၏။ ထိုမိန်းမတို့သည် ချဉ်းကပ်၍ ခြေတော်ကိုဘက်ယမ်းလျက် ပြပ်ဝပ်ကိုးကွယ်ကြ၏။ ၁၀ ယေရှုကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သွားကြလော့။ ငါ့ညီတို့သည် ဂါလိလဲပြည်သို့ သွားစေခြင်းငှါ ဤသိတင်းစကားကို ကြားပြောကြလော့။ ထိုပြည်၌ သူတို့သည် ငါ့ကိုတွေ့မြင်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

ကြောက်ရွံ့မှုနှင့် ကြီးမားသော ဝမ်းမြောက်မှု

မာရိနှင့် အမျိုးသမီးတစ်စု သခင်ယေရှုအား မြှုပ်နှံသင်္ဂြိုလ်ထားရာနေရာသို့သွားသည့်အခါ၌ သူတို့ရရှိလိုက်သော ကြိုဆိုမှုကို သူတို့မျှော်လင့် မထားခဲ့ပါ။ ၎င်းတို့ သခင်ယေရှု၏ခန္ဓာကို အမွှေးနံ့သာများနှင့်ပူဇော်ရန် နံနက်အာရုဏ်ဦးအချိန် လာရောက်ခဲ့သော်လည်း၊ သင်္ချိုင်းဂူအတွင်းသို့ မည်သို့ဝင်ရောက်ရမည်ကို ၎င်းတို့မသိခဲ့ပါ။ သို့သော် ၎င်းတို့ ဂူအနီးသို့ရောက်သည်နှင့် ဂူကိုပိတ်ထားသော ကျောက်တုံးကြီး ရွေ့နေကာ သင်္ချိုင်းဂူပွင့်နေသည်ကို မြင်တွေ့ရသည်။ ပို၍ မယုံနိုင်စရာမှာ ထိုကျောက်တုံးကြီးပေါ်တွင် ထိုင်နေသော ကောင်းကင်တမန်ကို တွေ့မြင်ရခြင်းဖြစ်သည်။

မာရိနှင့် အမျိုးသမီးများ ကြောက်ရွံ့အံ့အားသင့် ခံစားခဲ့ရသည်မှာ မထူးဆန်းပါ။ သို့သော် ကောင်းကင်တမန်က ဗလာဖြစ်နေသော ဂူအတွင်းသို့ ဝင်ရောက်ကြည့်ရှုရန်နှင့် သခင်ယေရှုရှင်ပြန်ထမြောက်ကြောင်းကို အခြားသောတပည့်တော်များ၊ ညီအစ်ကိုများအား သွားရောက်ပြောကြားရန် ၎င်းတို့အား ခေါ်ဖိတ်သည့်အခါ ၎င်းတို့ အလွန်ဝမ်းမြောက်ရွှင်လန်းသွားသည်။

ထိုအစပြုအသိပေးကြေညာပြီးနောက် နှစ် ၂၀၀၀ ကျော်ကာလတွင် ထိုသို့သော သတင်းကောင်းမျှဝေခြင်းနှင့် ပတ်သက်၍ သခင်ယေရှု၏နောက်တော်လိုက် ကျွန်ုပ်တို့၌လည်း၊ အမျိုးမျိုးအဖုံဖုံသော စိတ်လှုပ်ရှားခံစားမှုများရှိကြပါသည်။ သခင်ယေရှု အသက်ရှင်သောကြောင့် ကျွန်ုပ်တို့အလွန်ဝမ်းမြောက်သည်။ သို့သော် သခင့်အကြောင်း ဝေငှသက်သေခံရန် မလွယ်ကူဟု ခံစားနေရပြန်သည်။ ပွင့်နေသော သင်္ချိုင်းဂူအနီး ကောင်းကင်တမန်ကိုတွေ့မြင်ရ၊ ကြားနာရသောကြောင့် အမျိုးသမီးများ အလွန်အံ့သြထိတ်လန့်မှုခံစားရသော်လည်း၊ ထိုထိတ်လန့်မှုမှာ မတူ၊ ခြားနားပါသည်။ သခင်ယေရှုထမြောက်ရှင်ပြန်ကြောင်း လူများကို ကျွန်ုပ်တို့ပြောသောအခါ ကျွန်ုပ်တို့ကို လူအများသတင်းကောင်းဝေမျှပြောကြားရန် ကျွန်ုပ်တို့တွင် တာဝန်ရှိနေပါသည်။ ဘုရားသခင်၏ဝိညာဉ်တော်က ကျွန်ုပ်တို့စိုးရွံ့နေမှုများကို ကျော်လွှားပြီး၊ ကြီးမားလှသော ဝမ်းမြောက်မှုကို မျှဝေရန် ကျွန်ုပ်တို့အား ရဲစွမ်းသတ္တိပေးမည်ဖြစ်ပါသည်။ – Dave Branon

အိုး – မည်မျှဝမ်းမြောက်ဖွယ်နည်း၊ သခင်ဘုရားထမြောက်ပြီ။
ထာဝရဘုရား၏သားတော် သေခြင်းမရဏကို အောင်ပြီ။
ဤသတင်းကောင်း မျှဝေရန်၊ သခင်ဘုရား ကျွန်ုပ်တို့ကို ရဲစွမ်းသတ္တိပေးသည်။
စူးစမ်းလေ့လာနေသူအချို့ထံ၊ ကျွန်ုပ်တို့ကို ဦးဆောင်သွားသည်။ – D. DeHaan

ရှင်ပြန်ထမြောက်ခြင်း သတင်းကောင်းသည် ကျွန်ုပ်တို့အတွက်သာ ထိန်းသိမ်းထားရန် မသင့်တော်ပါ။


ထင်ဟပ်ဖော်ပြချက်

ဓမ္မသစ်ကျမ်းစာတွင် စင်စစ် မာရိ(၆)ဦး၏အမည်ကို ဖော်ပြထားပါသည်။ သခင်ယေရှု၏ မိခင် (လု ၁-၂)၊ မာဂဒါလမာရိ (မ ၂၈:၁)၊ ဗေသနိမှမာရိ – လာဇရု၏အစ်မ (ယော ၁၂:၁-၆)၊ ယာကုပ်၏မိခင် မာရိ (မာ ၁၆:၁)၊ ယောဟန်မာကု၏ မိခင် မာရိ (တ ၁၂:၁၂) နှင့် ရောမမြို့အသင်းတော်မှ သစ္စာရှိသော အစေခံ မာရိ (ရော ၁၆:၆) တို့ဖြစ်ပါသည်။

 

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။