ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသူဖြစ်ပေ၏။ မည်သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း။ (ရော ၇:၂၄ – ခေတ်သုံး)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ဟေဗြဲသြဝါဒစာ ၁၂:၁-၉

ထို့ကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝန်းရံလျက်ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို လည်းကောင်း၊ နှောင့်ယှက်တတ်သော ဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍၊ ငါတို့ မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။ ယုံကြည်ခြင်းကို အစအဦး စီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့်၊ ရှက်ကြောက်သော အရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော်လကျ်ာဘက်၌ ထိုင်နေတော်မူ၏။ အပြစ်ရှိသော သူတို့လက်တွင်၊ ထိုမျှလောက်ကြီးစွာသော ဆီးတားနှောင့်ယှက်ခြင်းကို ခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့ စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှာ ကြိုးစားကြလော့။သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်၍ ကိုယ်အသွေးထွက်သည် တိုင်အောင် မခံရကြသေး။ ထိုမှတစ်ပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဆုံးမတော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော သြဝါဒစကားကို မေ့လျော့ ကြသလော။ သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်၊ သားတို့ကို ပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။ အကြောင်းမူကား၊ အဘ မဆုံးမသော သားတစ်စုံတစ်ယောက် ရှိသလော။ သားအပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသော သားဖြစ်ကြ၏။ တနည်းကား၊ ကိုယ်ကာယနှင့် စပ်ဆိုင်သော အဘတို့လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍၊ အသက်ချမ်းသာရကြမည် မဟုတ်လော။

ကြီးမြတ်သော ကျော်လွှားအောင်နိုင်သူ

အရှိန်လျော့ကျ၊ ပြိုင်ပွဲမှ သိသာစွာ ထွက်ရပြီး၊ ပြန်ဝင်လာသူကို ပြိုင်ဘက်များက စိတ်ဝင်စားမည် မဟုတ်ပါ။ ခလုတ်တိုက် လဲကျသော်လည်း၊ ပြိုင်ဘက်လူအုပ်ထဲသို့ တစ်ဖြည်းဖြည်းရောက်ရှိလာကာ၊ ရှေ့မှ ဦးဆောင် ယှဉ်ပြိုင်သူသည်သာ၊ ကျွန်ုပ်တို့အားလုံး၏ စိတ်ကူးကို လှုံ့ဆော်မည်ဖြစ်သည်။

ထိုသို့ တူညီသော လှုံ့ဆော်မှုသည် သူတို့၏ သခင်နှင့် ကယ်တင်ရှင်၏ စံနမူနာမှ ရဲစွမ်းသတ္တိကို ရယူသည့် ယုံကြည်သူ ခရစ်ယာန်များအား၊ တွန်းအားပေးနေပါသည်။ ပြန်ဝင်လာခြင်း မပြုမီ၊ သခင်ယေရှုထက် ပို၍ အရှက်တကွဲအကျိုးနည်းအောင် ပြုလုပ်ခံရဘူးသူ တစ်ယောက်မျှ မရှိပါ။ စော်ကားခြင်း။ တံတွေးနှင့် ထွေးခြင်း၊ ကြာပွတ်နှင့် ရိုက်ခြင်း၊ ထိုးနှက်ရိုက်ပုတ်ခြင်း၊ လက်ဝါးကားတိုင်ပေါ်တွင် သံနှင့်ရိုက်ခြင်းတို့ကို သခင်ယေရှုခံခဲ့ရသည်။ သခင်၏ ဝေဒနာခံခြင်း ပြီးသွားသောအခါ၊ နံဘေးတော်ကို လှံနှင့်ထိုးခဲ့သည်။ သခင့်အား သတ်ဖြတ်သူများက သူတို့၏ အောင်မြင်မှုကို အတည်ပြုခဲ့ပြီး သခင်အသက်စွန့်ပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။ စစ်တပ်လုံခြုံရေး တာဝန်ချကာ သခင်၏ဂူသင်္ချိုင်းကို လုံခြုံအောင် ဆောင်ရွက်လိုက်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ သခင်ယေရှုထက် ပို၍ မွဲပြာ၊ အောက်ကျ၊ ဒုက္ခရောက်၊ အဖြစ်မဆိုးပါ။

သို့သော် ဤသည်မှာ နိဂုံးမဟုတ်ပါ။ သုံးရက်မြောက်နေ့တွင် သခင်ယေရှု သင်္ချိုင်းမှ ထမြောက်ကာ၊ များလှစွာသော တပည့်တော်များကို ကိုယ်ထင်ပြခဲ့ပါသည်။ သခင်ယေရှုသည် သေခြင်း၊ အပြစ်ဒုစရိုက်၊ ငရဲကို အောင်နိုင်သော အရှင်ဖြစ်သည်။

မိတ်ဆွေ… သင်သည်လည်း ယှဉ်ပြိုင်ပွဲမှ ထွက်နေရသည်ဟု ယနေ့ခံစားနေရပါသလား။ အလွန်ဆိုးရွားစွာ သင်လဲကျခဲ့ပါသလား။ သခင်ယေရှု၏ ဝေဒနာ ဒုက္ခခံခြင်းကို မျှော်ကြည့်လိုက်ပါ။ သခင်၏ ရှင်ပြန်ထမြောက်ခြင်းကို မျှော်ကြည့်လိုက်ပါ။ သင့်အား အောင်မြင်မှုပေးရန် သခင့်အား တောင်းလျှောက်လိုက်ပါ။ ယခု သင်မည်မျှ နှိမ့်ကျအောက်ကျ ဖြစ်နေပါစေ၊ သခင်ယေရှု သင့်အား လက်ကမ်းပေးနေခြင်းကို ဆင်ခြင်စဉ်းစားလိုက်ပါ။ ကျွန်ုပ်တို့၏သခင်သည် ကြီးမြတ်သော ကျော်လွှားအောင်နိုင်သူဖြစ်သည်။ — Mart DeHaan

ကျွန်ုပ်တို့၏ သခင်သည် ကျော်လွှားအောင်နိုင်တန်ခိုး၏ ကြီးမြတ်သော စံနမူနာ၊
သင်္ချိုင်းမှ ထမြောက်စေတော်မူသော စွမ်းအားသာ
ဘဝ၏အမှောင်ဆုံးညအချိန်မှာ မျှော်လင့်ခြင်းပေးတာ။ — Branon

ကျွန်ုပ်တို့ကို ကယ်တင်ရန် သခင်ယေရှုအသေခံသည်။ ကျွန်ုပ်တို့ကို ကာကွယ်စောင့်ရှောက်ရန် သခင်ယေရှု ရှင်သန်သည်။


ထင်ဟပ်ဖော်ပြချက်

ထာဝရအရှင်ဘုရားသခင်၏ ပလ္လင်တော် နံဘေး ဂုဏ်ယူဖွယ်ရာနေရာ (ဟေဗြဲ ၁၂:၂)သည် တန်ခိုးအရှိန်အဝါနှင့် သြဇာအာဏာ နေရာဖြစ်ပါသည်။ ခရစ်တော် ပြီးမြောက်ဖြစ်မြောက်ခဲ့သည်များ အတွက်၊ ဘုရားရှင်၏ ကျေနပ်မှုရှိသည်ကို ခမည်းတော်ဘုရား ဖော်ထုတ်ပြသခြင်းဖြင့် ထိုနေရာကို သားတော် သခင်ယေရှု လက်ခံခဲ့ခြင်း ဖြစ်သည်။ ဝေဒနာဒုက္ခ၊ အပြစ်၏အကြွေးပေးဆပ်ခြင်းကို သခင်ယေရှု ကြံ့ကြံ့ခံခဲ့ပြီး၊ မရဏသေခြင်းအား ကျော်လွှားအောင်နိုင်ခဲ့ခြင်းကြောင့်၊ ဘုရားသခင်သည် ကိုယ်တော့်ကို ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပေးသနားတော်မူသည်။ (ဖိ ၂:၅-၁၁)

 

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။