ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏။ (ယော ၂၀:၂၉)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်ယောဟန်ခရစ်ဝင် ၂၀:၁၉-၃၁

၁၉ ခုနှစ်ရက်နေ့တွင် ပဌမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန် ရောက်သောအခါ၊ ယုဒလူတို့ကို ကြောက်၍ တံခါးများကို ပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောသို့ ယေရှုသည် ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။ ၂၀ ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့် နံဖေးတော်ကို ပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကို မြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။ ၂၁ တဖန်ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်း။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင်၊ ၂၂ ထိုသူတို့ အပေါ်၌ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့။ ၂၃ အကြင်သူ၏ အပြစ်ကို သင်တို့ လွှတ်လျှင်၊ ထိုသူသည် အပြစ်လွတ်လျက်ရှိ၏။ အကြင်သူ၏ အပြစ်တို့ သင်တို့ တည်စေလျှင်၊ ထိုသူသည် အပြစ်တည်လျက်ရှိ၏ ဟု မိန့်တော်မူ၏။ ၂၄ ထိုသို့ ယေရှုသည် ကြွလာတော်မူသောအခါ တမန်တော် တကျိပ်နှစ်ပါးအပါအဝင်၊ ဒိဒုမုဟု အမည်ရှိသော သောမသည် ထိုတပည့်တော်တို့နှင့်အတူမရှိ။ ၂၅ ထိုသူတို့ကလည်း။ အကျွန်ုပ်တို့သည် သခင်ကို မြင်ရကြပြီဟု သောမအား ပြောဆိုကြလျှင်၊ သောမက၊ လက်တော်၌ သံရိုက်ရာချက်ကို မမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့် မတို့မစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံ ဟုဆို၏။ ၂၆ ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာ ရှိကြ၍ သောမလည်း ပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည် ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။ ၂၇ ထိုအခါ သောမအား၊ သင်၏ လက်ညှိုးကို ဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏ လက်ကို ဆန့်၍ ငါ့နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ ဟု မိန့်တော်မူ၏။ ၂၈ သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင် ပါတကားဟု ပြန်၍လျှောက်၏။ ၂၉ ယေရှုကလည်း၊ သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏ ဟု မိန့်တော်မူ၏။ ၃၀ ဤကျမ်းစာ၌ ရေး၍ မထားသော အခြားနိမိတ်လက္ခဏာအများတို့ကိုလည်း ယေရှုသည် တပည့်တော်တို့ မျက်မှောက်၌ ပြတော်မူ၏။ ၃၁ ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း၊ ဤမျှလောက်ရေးထားလျက်ရှိသတည်း။

မျက်စိတစ်ဆုံးသော

“မြင်တွေ့ရလျှင် ယုံကြည်နိုင်သည်”ဟု ရှေးဆိုရိုးစကားရှိပါသည်။ သို့သော် တွေ့မြင်မှ ယုံကြည်မည်ဆိုလျှင် ထာဝရဘုရားကို ကျွန်ုပ်တို့ ဘယ်သောအခါမျှ မြည်းစမ်းသိရှိနိုင်မည် မဟုတ်ပါ။

အင်္ဂလန်နိုင်ငံ၌ တိရစ္ဆာန်များ လျှာနာ၊ ခွာနာရောဂါ အမြင့်ဆုံးဖြစ်ချိန်၌ ကျွန်ုပ်ထိုအရပ်သို့ ခရီးထွက်ဖြစ်သည်။ သတင်းစာများမှ လယ်သမားများ၌ ဆိုးရွားသောသက်ရောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း ရေးသားချက်များကို ဖတ်ရှုရပြီး တိရစ္ဆာန်များကို အစုလိုက် မီးရှို့သတ်ဖြတ်မြှုပ်နှံကာ ရောဂါမပြန့်ပွားအောင် လုပ်ဆောင်ချက်များကို ရုပ်သံများမှ တွေ့မြင်ခဲ့ရသည်။ သို့သော် လန်ဒန်မြို့မှ ဒီဗွန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ကျန်းမာသန်စွမ်းသော သိုး၊ နွားအုပ်စု များစွာကို မြက်ခင်းပြင်၌ တွေ့ခဲ့ရသည်။ လျှာနာခွာနာရောဂါ သတိပေးဆိုင်းပုဒ်များလည်း မတွေ့ရပါ။ မျက်စိအမြင်ကို ယုံစားရမည်လော။ ယုံလောက်ဖွယ် သတင်းကြေငြာချက်များကို ယုံရမည်လော။

သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်တွင် သခင်အသက်ရှင်ကြောင်း သတင်းစကားကို သောမ မယုံကြည်ခဲ့ပါ။ သခင်၏လက်မှ သံချက်ရာနှင့် နံဘေးမှ ဒဏ်ရာတို့ကို မထိမစမ်းရသရွေ့ မယုံနိုင်ကြောင်းပြောခဲ့သည် (ယော ၂၀:၂၄-၂၅)။ ရှစ်ရက်ကြာပြီးနောက် တပည့်တော်များအား သခင်ဘုရားကိုယ်ထင်ရှားပြစဉ် သောမအား သခင်ယေရှုက “သင်သည် ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏။” (:၂၉)ဟု မိန့်တော်မူလေသည်။

သခင်ယေရှုကို ကျွန်ုပ်တို့မမြင်ရသော်ငြားလည်း ယုံထိုက်သည့်သက်သေစကားများကို ယုံကြည်ခြင်းဖြင့် ကိုယ်တော့်အား လက်ခံခြင်း၊ အသက်ရှင်သောထာဝရဘုရားအား ပွေ့ပိုက်ကာ ယုံကြည်ခြင်း မည်ပေတော့သည်။ – David McCasland

ယုံကြည်ခြင်းဖြင့် မည်သူ့ကိုယုံသည် ကျွန်ုပ်သိ၏။
ဘုရား၏အခမဲ့လက်ဆောင်မွန်ကို ရယူခဲ့ကြောင်း ကျွန်ုပ်သိ၏။
အဆုံးထိတိုင် စောင့်ထိန်းမူမည့်အကြောင်း ကျွန်ုပ်သိ၏။
ကျွန်ုပ်၏ ကယ်တင်ရှင်၊ ရွေးနုတ်ရှင်နှင့် မိတ်ဆွေတည်း။

မျက်စိအာရုံဖြင့် မမြင်နိုင်သည့်အရာများကို ယုံကြည်ခြင်းက တွေ့မြင်၏။

 

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။