ပေတရုသည် သတိရသဖြင့် ပြင်ပသို့ထွက်၍ ပြင်းစွာ ငိုကြွေးလေ၏။ (လု ၂၂:၆၁-၆၂)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်လုကာခရစ်ဝင် ၂၂:၅၄-၆၂

၅၄ ထိုသူတို့သည် ကိုယ်တော်ကို ဘမ်းဆီး၍ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ဆောင်သွားကြ၏။ ပေတရု သည်လည်း သူတို့နှင့် ဝေးစွာလိုက်လေ၏။ ၅၅ အိမ်ဦးအလယ်၌ မီးမွေးပြီးမှ၊ လူများတို့သည် စုဝေး၍ ထိုင်ကြလျှင်၊ ပေတရုသည်လည်း သူတို့အထဲ၌ ထိုင်နေ၏။ ၅၆ ထိုသို့ ပေတရုသည် မီးအနားမှာ ထိုင်နေသည်ကို အစေအပါးမိန်းမတယောက်သည်မြင်လျှင်၊ သူ့ကို စေ့စေ့ကြည့်၍၊ ဤသူသည် ယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုသော်၊ ၅၇ ပေတရုက၊ အချင်းမိန်းမ၊ ထိုသူကို ငါမသိဟု ငြင်းလေ၏။ ၅၈ ထိုနောက် များမကြာ အခြားသောသူသည် ပေတရုကိုမြင်လျှင်၊ သင်သည်လည်း ထိုသူတို့အဝင်ဖြစ် သည်ဟုဆိုသော်၊ ပေတရုက၊ အချင်းလူ၊ ငါသည် သူတို့ အဝင်မဟုတ်ဟု ဆို၏။ ၅၉ တဖန် တနာရီလောက်ကြာပြီးမှ အခြားသောသူက၊ အကယ်စင်စစ် ဤသူသည် ယေရှုနှင့် ပေါင်းဘော် သောသူဖြစ်၏။ ဂါလိလဲလူလည်း ဖြစ်၏ဟု ခိုင်မာစွာဆိုလျှင်၊ ၆၀ ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကို ငါမသိဟုဆို၏။ ထိုစကားကိုပြောသော ခဏခြင်းတွင် ကြက်တွန်လေ၏။ ၆၁ ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ကြက် မတွန်မှီ သင်သည် သုံးကြိမ် မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသော စကားကို ပေတရုသည် သတိရသဖြင့်၊ ၆၂ ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။

ဘာဆက်လုပ်မည်နည်း

သခင်ယေရှု ကားတိုင်ပေါ်မှာ အသေမခံမီညက တပည့်တော်နှစ်ဦး ကိုယ်တော်အား သစ္စာဖောက်ခဲ့သည်။ ယုဒရုကာယုတ်က ရန်သူများကို ခေါ်ဆောင်လာပြီး ခရစ်တော်ကို အပ်နှံခဲ့သည် (လု ၂၂:၄၇-၄၈)။ ပေတရုကလည်း ကိုယ်တော်ကို မသိပါဟု သုံးကြိမ်တိုင် ငြင်းဆိုခဲ့သည် (:၅၇-၆၀)။

သို့သော် ‘သူတို့ ဘာဆက်လုပ်ကြသည်’ ဟူသည့်အချက်က ကြီးစွာသော ခြားနားမှုကို ဖြစ်စေခဲ့ပါသည်။ ပေတရုက နောင်တကြီးစွာရလျက် ပြင်းထန်စွာ ငိုကြွေးခဲ့ပြီးနောက်တွင် အခြေအနေမှန်သို့ ပြန်ရောက်ခဲ့သည် (:၆၂ယော ၂၁:၁၅-၁၇)။ ယုဒမူကား မိမိကိုယ်ကို ဆွဲကြိုးချသတ်သေခဲ့သည် (မ ၂၇:၅)။

ကျွန်ုပ်တို့ အပြစ်တစ်စုံတစ်ရာ လုပ်မိပါက ကျွန်ုပ်တို့ ဘာဆက်လုပ်မည်ဆိုသည့်အချက်က အလွန်အရေးကြီးပေသည်။ မိသားစုဝင်တစ်ဦးဦးအား ဒေါသနှင့် ရက်စက်စွာ ပြောဆိုမိပါက ဘာဆက်လုပ်မည်နည်း။ လုပ်ဖော်ကိုင်ဖက်အပေါ် မတရားပြုမိက ဘာဆက်လုပ်မည်နည်း။ မကောင်းမသင့်သောအတွေးများ မိမိစိတ်တွင် ကိန်းအောင်းနေကြောင်း သတိမူမိက ဘာဆက်လုပ်မည်နည်း။ ဆင်ခြင်ပေးခြင်း၊ ကိုယ့်အမှားကို အမှန်ဟု ဆိုခြင်း၊ အခြားသူကို အပြစ်ဖို့ခြင်းနှင့် ဘုရားသခင်အား လျစ်လျူရှုထားခြင်းတို့က မူလအပြစ်ကို တိုးလာစေသည်။

ယနေ့ ဤအကြောင်းအရာများကို ဖတ်နေစဉ် ဝိညာဉ်တော်က သင့်အသက်တာရှိ အပြစ်များအား ဖော်ပြကောင်းဖော်ပြလိမ့်မည်။ သို့ပါက သင်နောင်တရ၍ အပြစ်ဝန်ချရန် (သို့) သင်၌ အပြစ် ပြဿနာမရှိဟု ဆက်လက်ငြင်းဆိုရန် ဟူ၍ ရွေးစရာ ၂-လမ်းရှိနေပေသည်။

သင်အပြစ်ပြုမိပါက နောင်တပြစ်မတိုးပါစေနှင့်။ ချက်ခြင်း ဆုတောင်းလျက် ဘုရားသခင်ထံအပြစ်ဝန်ချတောင်းပန်ပါ။ သင်ဘာဆက်လုပ်သည်က အရေးကြီးဆုံးတည်း။ — Dave Egner

မိမိအသက်တာအတွက် ၁ ယော ၁:၈-၁၀ မှ မည်သည့် သင်ခန်းစာကို ရရှိ သင်ယူမိသနည်း။
မိမိအသက်တာရှိ အပြစ်များကို မည်သို့တုံ့ပြန်မည်နည်း (၁ ယော ၁:၉)။
ကျွန်ုပ်တို့ အပြစ်ကြွေးများ ဖြေလွတ်ခြင်း၏ အခြေခံအကြောင်းကား အဘယ်နည်း (၁ ယော ၂:၁-၂)။

ငြင်းပယ်ခြင်းက အပြစ်များလာစေသည်။ ဝန်ချခြင်းက အပြစ်ကို ပယ်ဖျက်ပေးသည်။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။