မီရှီဂန်ကျွန်းဆွယ်နှစ်ခုကို ဆက်သွယ်ထားသော မက်ကီနက်တံတား (Mackinac Bridge) ပေါ် ဖြတ်ပြီးနောက် ကျွန်တော်တို့ ဇနီးမောင်နှံ၏ ငါးမိုင်ခရီးလမ်းလျှောက်ခြင်းပြီးဆုံးခဲ့သည်။ အမေရိကန်နိုင်ငံတွင် ကျင်းပလေ့ရှိသော နှစ်ပတ်လည်အလုပ်သမားနေ့ကို ကျွန်တော်တို့၏ပြည်နယ်တွင် ၁၉၅၈ ခုနှစ်မှ စတင်ကျင်းပခဲ့သည်။ ကျွန်တော်တို့သည် ပန်းခြံထဲရှိ ထိုင်ခုံတစ်ခုတွင် ထိုင်ကာ အနားယူလိုက်သည်။ အမျိုးသားတစ်ဦးကလည်း ကျွန်တော်တို့အနီးရှိ ခုံတွင် ထိုင်လျက် ရှုသွင်းရှုထုတ်လုပ်နေသည်။ မကြာမီ သူ၏ဇနီးနှင့် သမီးပျိုလေးတို့ ရောက်လာသည်။ သူတို့သည်လည်း သခင်ယေရှုကို ယုံကြည်သူများဖြစ်ပြီး၊ လွန်ခဲ့သောနှစ်များစွာက သမီးဆုံးပါးသွားသည့် ကျွန်တော်တို့ကဲ့သို့ပင် ဆယ်ကျော်သက်အရွယ်သမီးလေးတစ်ယောက် ဆုံးပါးသွားသဖြင့် နာကျင်ခံစားခဲ့ရကြောင်း သိရှိရသည်။
ဘုရားသခင်သည် ကျွန်တော်တို့အား ခွန်အားနှင့်ယုံကြည်ခြင်းကို ပေးလျက် ဤနှစ်ကာလတစ်လျှောက်လုံး ကြည့်ရှုစောင်မခဲ့ကြောင်း အချင်းချင်းဝေငှခဲ့ကြသည်။ ထိုနေ့က လမ်းလျှောက်သူပေါင်း ၃၃,၀၀၀ အနက် နှလုံးသားချင်း နားလည်မှုရှိသော ထိုမိသားစုနှင့် ကျွန်တော်တို့ တွေ့ဆုံခဲ့ရခြင်းသည် အလွန်အံ့သြစရာပင်။
လူပင်လယ်ကြီးထဲတွင် တူညီသောအဖြစ်အပျက်ကို ကြုံခဲ့ရသည့် မိသားစု နှစ်စုတို့ မရည်ရွယ်ဘဲ ဆုံခဲ့ကြခြင်းက ဆာလံ ၃၂ တွင် ဘုရားသခင် မိန့်ကြား၍သာ ဖြစ်နိုင်သည့်အမှုနှင့် ဆင်သည်ဟု ထင်ရသည်။ ဘုရားသခင်၏ ကွယ်ကာပေးမှု၊ ရွေးနှုတ်ကယ်တင်ခြင်းအတွက် ဒါဝိဒ်ကျေးဇူးတင်ချီးမွမ်းပြီးနောက် “သင့်ကို ငါသွန်သင်မည်။ သင်သွားရမည့်လမ်းကိုပြညွှန်မည်။ သင့်ကိုကြည့်ရှုပြုစုမည်” (:၈) ဟူသည့်အားရကျေနပ်ဖွယ်စကားကို ကိုယ်တော်ထံမှ သူရရှိခဲ့သည်။
ဘုရားသခင်သည် သူ၏သားသမီးများအား ကြည့်ရှုစောင့်ရှောက်ပြီး၊ သူတို့သည် တစ်ဦးကိုတစ်ဦး လိုအပ်သောကြောင့် သူတို့အား အတူတစ်ကွ ဆုံတွေ့ပေါင်းစည်းစေသည်။ အခြားတစ်နည်းဆိုရလျှင် “ထာဝရဘုရား၌ ကိုးစားသောသူကိုကား ကရုဏာတော်သည် ဝန်းရံတတ်(ပေ)၏” (:၁၀)။
