စက်ဒီ (Sadie)ကို ကျွန်မသဘောမကျပါ။ သူက ကျွန်မ၏လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး၊ မကြာခဏ ကျွန်မအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလေ့ရှိ၍ သူမကို ကျွန်မ ရှောင်ခဲ့သည်။ ထို့ကြောင့် ဘုရားကျောင်းမှ ဧဝံဂေလိအစီအစဥ်အကြောင်း သူမ ကြားသိသွားပြီး ကျွန်မနှင့်အတူ လိုက်၍ရမည်လားဟု လာမေးသောအခါ ဂရုမစိုက်ဟန်ဖြင့် “ကြည့်အုံးမယ်လေ”ဟုသာ ကျွန်မတိုးတိုးလေးပြန်ဖြေခဲ့သည်။
ရက်များကုန်လွန်သွားပြီး ဤအကြောင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားပုံရသည်။ သို့သော် ဘုရားသခင်က မမေ့ပါ။ စက်ဒီကို ဖိတ်ခေါ်ရန် စောင့်ဆိုင်းနေသည့် ဘုရားသခင်၏မျက်နှာသာတော်ကို ကျွန်မ ခံစားနေရသည်။ တစ်နေ့ ကျွန်မဆုတောင်းနေစဥ် “စက်ဒီအပေါ် မင်းရဲ့တုံ့ပြန်မှုကို ပြန်စဉ်းစားကြည့်ဦး။ အဲဒါမှန်ရဲ့လား”ဟူ၍ အတွေးထဲ၌ မေးခွန်းတစ်ခု ဝင်လာသည်။
အား! ဤမေးခွန်းက နိနေဝေမြို့သားတို့ နောင်တရပြီးနောက်တွင် ဘုရားသခင်က ပရောဖက်ယောနအား “သင်သည် အမျက်ထွက်အပ်သလော”(ယောန ၄:၄)ဟု မေးခဲ့သည်ကို ပြန်သတိရသွားစေသည်။ ယောနသည် နိနေဝေမြို့သားများ၏ အပြစ်ကြောင့် ဘုရားသခင်၏တရားစီရင်ခြင်းခံရမည်ဟု သတိပေးခဲ့သူပါ(၃:၁-၄)။ သို့သော် ထူးဆန်းသည်မှာ ၎င်းတို့ နောင်တရသွားကြပြီး၊ ဘုရားသခင်က “အရင်ခြိမ်းသောဘေးဒဏ်ကို မပေး”ခဲ့ပါ(:၁၀)။ ထိုအရာက ယောနကို “စိတ်ညစ်စေ”ပြီး၊ သူသည် “အမျက်ထွက်”လေ၏(၄:၁)။ ရက်စက်ကြမ်းကြုတ်သော ဣသရေလလူမျိုး၏ရန်သူတို့မှာ အပြစ်ဒဏ်မှ အလွယ်တကူ လွတ်မြောက်သွားကြပြီဖြစ်သည်။ သူတို့ အပြစ်ဒဏ်ခံထိုက်သည်ဟု ယောန ယုံကြည်ခဲ့သည်(:၁-၃)။
သို့သော် ဝိညာဉ်ရေးရာ နားလည်မှုမရှိကြသော နိနေဝေမြို့သားများအပေါ် ယောန သနားကရုဏာ ကင်းမဲ့နေမှုကို ထောက်ပြလျက်(:၅-၁၁)၊ သူ့အား ဘုရားသခင် ဆုံးမခဲ့သည်။ ဘုရားသခင်သည် “ကျေးဇူးပြုတတ်သောစိတ်၊ သနားခြင်းကရုဏာစိတ်ရှိသောဘုရား၊ အမျက်ထွက်နှေး၍ ကရုဏာကြွယ်ဝသောဘုရား” ဖြစ်သည့်အတိုင်း(:၂)၊ လူတို့ ဘာပဲပြုခဲ့ပြုခဲ့၊ ၎င်းတို့အားလုံး၏ ကောင်းကျိုးကို ဂရုပြုစောင်မသည်။ ကျွန်ုပ်တို့လည်း ဘုရားသခင်၏ သနားကရုဏာတော်ကို အခြားသူများထံသို့ပါ သက်ရောက်စေပြီး၊ ၎င်းတို့လည်း ဘုရားသခင်ကို သိကျွမ်းလာစေရန်နှင့် ချစ်တတ်လာရန် ကူညီပေးကြပါစို့။
