ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ (ဟေဗြဲ ၁၁:၆)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ဟေဗြဲဩဝါဒစာ ၁၀:၃၂-၁၁:၆

၁၀:၃၂ သင်တို့သည် အလင်းသို့ရောက်ပြီးသည်နောက်၊ လူများရှေ့မှာ ကဲ့ရဲ့ညှဉ်းဆဲခြင်းကို ခံရသဖြင့်၎င်း၊ ထိုသို့ ခံရသောသူတို့နှင့် ဆက်ဆံသော အပေါင်းအဘော်ဖြစ်သဖြင့်၎င်း၊ ၁၀:၃၃ ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာ များကို ဆိုင်ပြိုင်တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက်ကာလအချိန်ကို အောက်မေ့ကြလော့။ ၁၀:၃၄ ထိုအခါသင်တို့သည် အကျဉ်းခံရသော သူတို့အတွက်ကြောင့် ကြင်နာသော စိတ်ရှိရသည်သာမက၊ ကိုယ်ပစ္စည်းဥစ္စာများကို သူတပါးလုယူဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာဘို့ ကောင်းကင်ဘုံ၌သာ၍ မြတ်သော အမြဲတည်သောဘဏ္ဍာရှိသည်ကိုသိ၍၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သောစိတ်နှင့် ဝန်ခံကြ၏။ ၁၀:၃၅ ထိုကြောင့်၊ ကြီးစွာသောအကျိုးနှင့်ယှဉ်သော သင်တို့၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။ ၁၀:၃၆ ဘုရားသခင်၏အလိုတော်ကိုဆောင်ပြီးမှ၊ ဂတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်း စိတ်ရှိရမည်။ ၁၀:၃၇ အဘယ်ကြောင့်နည်းဟူမူကား၊ ကြွလာလတံ့သောသူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မှီ ရောက် တော်မူလိမ့်မည်။ ၁၀:၃၈ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိဟု ဘုရားသခင် အမိန့်တော်ရှိ၏။ ၁၀:၃၉ ငါတို့မူကား၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှါ ရွေ့လျော့သော သူမဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင် ခြင်းသို့ရောက်အံ့သောငှါ ယုံကြည်သောသူ ဖြစ်ကြ၏။

၁၁:၁ ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။ ၁၁:၂ ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။ ၁၁:၃ ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသော အရာထဲက မဖြစ်ဘဲ၊ လောကဓာတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။ ၁၁:၄ အာဇေလသည်၊ ကာဣနပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အားပူဇော်၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောသေး၏။ ၁၁:၅ ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တဖန် မပေါ်မရှိ။ သူသည်ဘဝမပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။ ၁၁:၆ ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။

ယုံကြည်ခြင်းစိတ် စွဲမြဲတည်ကြည်

ယုံကြည်ခြင်း ကြီးမားလုံလောက်လျှင် ကျန်းမာမည်၊ ချမ်းသာမည်၊ ကျေနပ်ရောင့်ရဲနိုင်သော အသက်တာဖြင့် ရှင်သန်လျက် ဆုတောင်းသမျှ အဖြေရမည်စသည်ဖြင့် ‘ယုံကြည်ခြင်း’ ဟူသည့်အရာကို မျက်လှည့်ဆန်ဆန် ပုံသေမှတ်ယူရန် ကျွန်ုပ်တို့ သွေးဆောင်ခံရတတ်သည်။ သို့သော် ဘဝဟူသည် လှပသော ထိုပုံသေနည်းအတိုင်း ဖြစ်ပျက် မနေကြောင်း – သက်သေပြရလျှင် ဟေဗြဲဩဝါဒစာ ရေးသူက ဓမ္မဟောင်းကျမ်းမှ ယုံကြည်ခြင်းသူရဲကောင်းများ၏ အသက်တာကို ဆင်ခြင်လျက် “စစ်မှန်သော ယုံကြည်ခြင်း” ဟူသည် မည်သို့ဖြစ်သည်ကို သတိပေးအမှတ်ရစရာ တစ်သီကြီးဖြင့် ဖော်ပြထားသည် (ဟေဗြဲ ၁၁)

“ယုံကြည်ခြင်း မရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်” (၁၁:၆) ဟု ဘွင်းဘွင်း ဆိုထားသည်။ ယုံကြည်ခြင်းကို ဖော်ကျူးရာ၌ “တည်ကြည်ခြင်းရှိ၏”(:၂၇) ဟူသော စကားလုံးကို သုံးနှုန်းထားသည်။ ထိုသို့ တည်ကြည်၍ ယုံကြည်ခြင်း၏ရလဒ်ကား တစ်ပါးအမျိုးသားတို့ ခွက်ခွက်လန် ရှုံးအောင် ချေမှုန်းနိုင်ခဲ့သည်။ ဓားဘေးနှင့် ကင်းလွတ်ခဲ့သည်။ ခြင်္သေ့ရန်မှ လွတ်မြောက်ခဲ့သည်။ သို့သော် အချို့သောရလဒ်များက ပျော်စရာ မကောင်းပါ။ အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ကျောက်ခဲနှင့်ပစ်ခြင်း၊ လွှနှင့်အပိုင်းပိုင်းဖြတ်ခြင်းခံရသည်။ ဤ အခန်းကြီး ၁၁ အဆုံးပိုင်း၌ “ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း ကတိတော်အတိုင်း အကျိုးကျေးဇူးကို မခံရကြ” (:၃၉) ဟု နိဂုံးချုပ် ထားသည်။

ယုံကြည်ခြင်း၏ သရုပ်သကန်ကို ပုံသေကွက်တိ တွက်ဆ၍ မရပါ။ တစ်ခါတစ်ရံ ယုံကြည်ခြင်းအားဖြင့် အောင်မြင်မှုများရရှိသော်လည်း တစ်ခါတစ်ရံ “ဘာဘဲပေးဆပ်ရ ပေးဆပ်ရ” အံကြိတ်ခဲ၍ နောက်မဆုတ်တမ်း စိတ်ပိုင်းဖြတ်ထားသည့် ယုံကြည်ခြင်းစိတ် သဘောရှိရန်လိုသည်။ ထိုကဲ့သို့ ယုံကြည်ခြင်းစိတ်ရှိသူများအတွက် “ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ၊ သူတို့နေရာဖို့ မြို့ကို တည်ထောင်တော်မူပြီ” (:၁၆)။

ဘုရားသခင်သည် အစွန်းဆုံး ထိန်းချုပ်တော်မူကြောင်း၊ ကတိတော်၏ အကျိုးကို ယခုဘဝ၌ ခံစားရသည်ဖြစ်စေ၊ နောင်ဘဝ၌ ခံစားရသည်ဖြစ်စေ၊ သူ့ကတိတော်ကို စောင့်ထိန်းမူကြောင်း ယုံကြည်ချက်၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် တည်နေပါ၏။ PHILIP YANCEY

ကိုယ်တော်အား စိတ်နှလုံးအကြွင်းမဲ့ ကိုးစားသော ယုံကြည်ခြင်းကို ပေးသနားမူပါ ဘုရား။

ဘုရားသခင်သည် အရာခပ်သိမ်းကို ထိန်းချုပ်ထားတော်မူကြောင်း သိမှတ်ခြင်းဖြင့် ဝမ်းနည်းပူဆွေးမှုကြား၌ ကြီးစွာသော နှစ်သိမ့်သက်သာရာရပါ၏။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။