ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင်တော်မူ၏။ ကြောက်မက်ဖွယ်သော အကြောင်း အလုံးစုံတို့ အထဲက ငါကို ကယ်နှုတ်တော်မူ၏။ (ဆာ ၃၄:၄)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ဆာလံကျမ်း ၃၄:၁-၁၀

ငါသည် ခပ်သိမ်းသောကာလတို့၌ ထာဝရဘုရားကို ကောင်းကြီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ် မြွက်ဆိုမည်။ ငါ့ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝါကြွားခြင်းကို ပြုမည်။ နှိမ့်ချလျက်ရှိသော သူတို့သည် ကြားသိ၍၊ ဝမ်းမြောက်ကြပါစေသော။ ငါနှင့်အတူ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့။ ငါသည် ထာဝရဘုရားကိုရှာသောအခါ နားထောင်တော်မူ၏။ ကြောက်မက်ဘွယ်သောအကြောင်း အလုံးစုံတို့အထဲက ငါ့ကို ကယ်နှုတ်တော်မူ၏။ ထာဝရဘုရားကို မျှော်ကြည့်ကြလော့။ အလင်းကို ရကြလိမ့်မည်။ မျက်နှာရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသောဆင်းရဲ ထဲက ကယ်လွှတ်တော်မူ၏။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့ ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။ 34:8ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။ ကိုယ်တော်ကို ခိုလှုံသောသူသည် မင်္ဂလာရှိ၏။ ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သောသူတို့၌ ဆင်းရဲခြင်း မရှိရာ။ ၁၀ ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကို ခံရသော်လည်း၊ ထာဝရဘုရားကို ရှာသောသူတို့၌ ကောင်းသောအရာတစုံတခုမျှ မလိုရာ။

စိုးကြောက်ခြင်းမှ လွတ်မြောက်ခြင်း

စိုးကြောက်စိတ်က အခွင့်မရှိဘဲ ကျွန်မစိတ်ထဲတိုးဝင်လျက် ကူညီရာမဲ့ခြင်း၊ မျှော်လင့်ချက် မဲ့ခြင်းသရုပ်ကို အရောင်ဆိုးသည်။ ငြိမ်သက်ခြင်းနှင့် အာရုံစူးစိုက်မှုကို ခိုးယူသည်။ ကျွန်မဘာကို ကြောက်နေသနည်း။ ကျွန်မ၏မိသားစုဘဝလုံခြုံမှုနှင့် ကျန်းမာရေးအတွက် စိတ်ပူသည်။ အလုပ်ပြုတ်သွားမှာ၊ ပေါင်းသင်းဆက်ဆံရေးပျက်သွားမှာ ကြောက်သည်။ စိုးကြောက်စိတ်ကြောင့် မိမိကိုယ်ကိုသာ အာရုံစိုက်မိစေပြီး တစ်ခါတစ်ရံ ကိုးစားယုံကြည်ရန် ခက်ခဲနေသည့်စိတ်ကို ဖော်ပြနေသည်။

ဤသို့ ကြောက်ရွံ့စိုးရိမ်စိတ်များ ရိုက်ခတ်လာလျှင် ဆာလံကျမ်း အခန်းကြီး ၃၄ မှ ဒါဝိဒ်မင်း၏ ဆုတောင်းချက်ကို ဖတ်ရှုသင့်သည်။ “ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင် တော်မူ၏။ ကြောက်မက်ဖွယ်သောအကြောင်း အလုံးစုံတို့ အထဲက ငါ့ကို ကယ်နှုတ်တော်မူ၏” (:၄)။ ကိုယ်တော် မည်သို့ကယ်တင်သနည်း။ “ကိုယ်တော်ကို မျှော်ကြည့်လျက် မျက်မှောက်ပြု”သော် (:၅) စိုးကြောက်စိတ်များ လွှင့်ပါးကုန်သည်။ ကိုယ်တော် ထိန်းချုပ်တော်မူကြောင်း ကျွန်မတို့ ယုံကြည်သည်။ တစ်ဖန် ဒါဝိဒ်မင်းက အခြားသောကြောက်ရွံ့ခြင်းတစ်မျိုးကို ဖော်ပြသည်။ မလှုပ် မယှက် ကြက်သေသေစေသည့် ကြောက်ရွံ့ခြင်း မဟုတ်ပါ။ ကျွန်မတို့ကို ဝန်းရံလျက် ကယ်နှုတ်တော်မူသော ထာဝရဘုရားကို အလွန်ကြောက်ရွံ့ရိုသေခြင်း ဖြစ်သည်။ ကိုယ်တော်သည် ကောင်းမြတ်တော်မူခြင်းကြောင့် ကိုယ်တော်၌ ခိုလှုံကိုးစားနိုင်သည် (:၇-၈)။

ဘုရား၏ ကောင်းမြတ်ခြင်းကို အံ့ဩကြောက်ရွံ့ခြင်းက ကျွန်မတို့၏ ကြောက်စိတ်များကို မှန်ကန်စွာ ရှုမြင်နိုင်အောင် မစသည်။ ဘုရားသခင်သည် မည်ကဲ့သို့သောဘုရား ဖြစ်သည်၊ ကျွန်မတို့ကို မည်မျှချစ်သည်ကို သတိရလျှင် ကိုယ်တော်၏ငြိမ်သက်ခြင်း၌ ကျွန်ုပ်တို့ နားခိုနိုင်သည်။ ဒါဝိဒ်က “ကြောက်ရွံ့သောသူတို့၌ ဆင်းရဲ ခြင်းမရှိရာ။” (:၉) ဟု နိဂုံးချုပ် ထားသည်။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းအားဖြင့် စိုးကြောက်စရာ အမှုများမှ ရွေးနှုတ်ကယ်တင်ခံရကြောင်း သိရှိရခြင်းကား အလွန်အံ့ဩဖွယ်ရာ ဖြစ်တော့သည်။ KEILA OCHOA

ထာဝရဘုရား ကျွန်ုပ်၏ ကြောက်စိတ်စိုးရိမ်စိတ်များ ရှိသည်ကို သိမှတ်ဝန်ခံလျက် လက်တော်သို့ အပ်နှံပါ၏။
ယနေ့ တစ်နေ့တာကို ရင်ဆိုင်ရာ၌ ငြိမ်သက်ခြင်းပေးသနားမူပါ။

စိုးကြောက်စရာအမှုများမှ သင့်ကို ကယ်နှုတ်ရန် ဘုရားသခင်ကို တောင်းလျှောက်ပါ။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။