… ကမ်းတစ်ဘက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင် … ။ (မာ ၄:၃၅)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်မာကုခရစ်ဝင် ၄:၃၅-၅:၁

၄:၃၅ ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတဘက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင်၊ ၄:၃၆ တပည့်တော်တို့သည် လူစုဝေးရာမှထွက်၍ လှေပေါ်၌ရှိနှင့်သော ကိုယ်တော်ပါလျက် သွားကြ၏။ အခြားလှေတို့လည်း ပါသေး၏။ ၄:၃၇ ထိုအခါ ပြင်းစွာသောမိုဃ်းသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့် ပြည့် လေ၏။ ၄:၃၈ ကိုယ်တော်သည် ပဲ့၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက်၍နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကို နှိုးပြီးမှ၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ ရောက်သည်ကို လျစ်လျူသောစိတ်ရှိတော်မူ သလောဟု လျှောက်ကြသော်၊ ၄:၃၉ ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာ နေဟုလေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ်၍ အလွန်သာယာလေ၏။ ၄:၄၀ ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်ကြောက်တတ်သနည်း။ အဘယ် ကြောင့် ယုံကြည်ခြင်းစိတ်နှင့် ကင်းသနည်းဟု မေးတော်မူလျှင်၊ ၄:၄၁ သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ပင်လယ်သည် သူ၏ စကားကို နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။
၅:၁ အိုင်တဘက်၊ ဂါဒရပြည်သို့ ရောက်ကြ၍၊

ပူစရာမရှိ

သက်သောင့်သက်သာ စီးနင်းလာသည့် လေယာဉ်က တုန်ခါလာပြီး အစားအသောက်ကျွေးမွေးနေချိန်တွင် လေယာဉ်မှူးက ခရီးသည်များအားလုံး ထိုင်ခုံ ခါးပတ်များကို သေချာစွာ ပတ်ထားရန် သတိပေးသံထွက်ပေါ်လာသည်။ လေယာဉ်သည် လေထန်သည့် သမုဒ္ဒရာအထက်၌ လူးလိမ့်နေသည်။ ခရီးသည်အားလုံးက မိမိတို့ဘာသာ အဆင်ပြေအောင် ကြိုးစား ရုန်းကန်နေစဉ် ကလေးမလေး တစ်ဦးက အိန္ဒြေမပျက် စာဖတ်မြဲဖတ်နေသည်။ လေယာဉ် မြေပြင်သို့ ဆင်းသက်ပြီးကာမှ သူမအား ဘာ့ကြောင့် ဤသို့ ငြိမ်သက် အေးဆေးနိုင်သနည်းဟု မေးရာ “လေယာဉ်မှူးက သမီးဖေဖေလေ၊ ဖေဖေက သမီးကို အိမ်အရောက်ပို့ပေးမှာ” ဟု ဖြေလိုက်တော့သည်။

သခင်ယေရှု၏ တပည့်တော်များသည် ဝါရင့် တံငါသည်များဖြစ်သော်ငြားလည်း လှိုင်းလေထန်၍ မုန်တိုင်းကျသည့်နေ့က ၎င်းတို့၏လှေ နစ်မြှုပ်မည်ကို စိုးရိမ်လျက် ကြောက်လန့်တုန်လှုပ်ကြသည်။ ယေရှုမိန့်ကြားသည့် အတိုင်း ၎င်းတို့လုပ်ဆောင်နေခြင်းဖြစ်ပြီး ဘာကြောင့် ထိုသို့ဖြစ်ရသနည်း (မာ ၄:၃၅–၃၈)။ ၎င်းတို့နှင့်အတူ ကိုယ်တော်ရှိသော်လည်း ကိုယ်တော်က လှေဦး၌ အိပ်စက်လျက် နေသည်။ သခင့်စကားအတိုင်း နာခံလုပ်ဆောင်လျှင် ဘဝ၌ မုန်တိုင်းမကြုံရ ဟူသော အချက်က မမှန်ကန်ကြောင်း ထိုနေ့က သူတို့သိလိုက်ရသည်။ သို့သော် ကိုယ်တော် အတူပါရှိခြင်းကြောင့် ကိုယ်တော်စေရာသို့ အရောက်သွားရန် မည်သည့်မုန်တိုင်းကမှ ကျွန်ုပ်တို့ကို မဟန့်တားနိုင်ပြီ (၅:၁)။

ဝမ်းနည်းစရာ မတော်တဆမှုကြောင့်ဖြစ်စေ၊ အလုပ်ပြုတ်ခြင်းကြောင့်ဖြစ်စေ၊ အခြားမည်သည့် စုံစမ်းစစ်ကြောမှုကြောင့်ဖြစ်စေ၊ ဘဝလောကဓံမုန်တိုင်း တစ်စုံတစ်ရာကို ကြုံတွေ့ခံစားနေလျှင် အားလုံးမဆုံးရှုံးသေးကြောင်း စိတ်ချထားပါ။ ကျွန်ုပ်တို့၏ ပဲ့ကိုင်ရှင်က မုန်တိုင်းကို ထိန်းချုပ်လျက် အိမ်ပြန်ရောက်အောင် ပို့ဆောင်လိမ့်မည်။ C.P. HIA

ယနေ့ မည်သည့် မုန်တိုင်းကို သင်ရင်ဆိုင်နေရသနည်း။
သင့်ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး တစ်ဖက်ကမ်းသို့ လုံခြုံစွာ ပို့ဆောင်ပေးရန် ထာဝရဘုရားအား တောင်းလျှောက်ပါ။

ကျောက်ဆူးသဖွယ် မှီခိုအားထားရာဖြစ်သော ယေရှုရှင်နှင့်အတူရှိလျှင် ကျွန်ုပ်တို့ မုန်တိုင်းကို ကြောက်ရန် မလိုပါ။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။