ငါသည် သင်တို့ကို မိဘမဲ့ ဖြစ်စေခြင်းငှာ စွန့်ပစ်မည် မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။ (ယော ၁၄:၁၈)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်ယောဟန်ခရစ်ဝင် ၁၄:၁၅-၂၁

၁၅ ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍၊ ၁၆ ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။ ၁၇ ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော် သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။ ၁၈ ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။ ၁၉ ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။ ၂၀ ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ သင်တို့သည်ငါ၌ရှိသည်ကို၎င်း။ ငါသည် သင်တို့၌ရှိသည်ကို ၎င်း၊ ထိုနေ့၌သင်တို့သည် သိရကြလိမ့်မည်။ ၂၁ ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော်မူ၏။

သင်သွားရသော ခရီး

၁၉၆၀ ပြည့်နှစ်များ၌ ကျွန်တော်သည် ကလန်ကဆန်နှင့် ပြောစကားနားမထောင်သည့် ဘဝဖြင့် ကြီးပြင်းလာပြီး ဘာသာရေးကို ကျောခိုင်းခဲ့သည်။ ကျွန်တော့်တစ်ဘဝလုံး ဘုရားကျောင်းတက်ခဲ့သော်လည်း ယုံကြည်ခြင်းသည် ဘာမှန်းမသိ။ ဆိုးရွားသော မတော်တဆထိခိုက်မှုကြီး ကြုံခဲ့ပြီး အသက် ၂၀ ကျော်အရွယ်တွင်မှ ယုံကြည်ခြင်းသို့ ပြန်လှည့်လာသည်။ ထိုမှစ၍ ကျွန်တော်ကြီးပြင်းခဲ့သည့်နှစ် များတွင် ကျွန်တော့်အပေါ်ထားသော ဘုရား၏မေတ္တာတော် အကြောင်း တစ်ပါးသူများကို ပြောကြားခြင်းဖြင့် ကုန်ဆုံးစေ ခဲ့သည်။ ၎င်းသည် ခရီးတစ်ခုဖြစ်သည်။

“ခရီးတစ်ခု”သည် ပျက်စီးနေသော ဤလောကရှိ အသက်တာကို အမှန်ပင် သရုပ်ဖော်ပြသည်။ သွားရသည့် လမ်းတွင် တောတောင် ချိုင့်ဝှမ်း မြစ်ချောင်းများ၊ လွင်ပြင်များ၊ လူစည်သော လမ်းမကြီးနှင့် လူသူကင်းမဲ့သောလမ်း ၊ အမြင့် အနိမ့်၊ ဝမ်းမြောက်စရာ၊ ဝမ်းနည်းစရာ၊ ရန်ပွဲပဋိပက္ခနှင့် ဆုံးရှုံးမှု၊ နှလုံးကြေကွဲပြီး အထီးကျန်ခံစားမှုစသည်တို့ကို တွေ့ကြုံရင်ဆိုင်ကြရသည်။ ရှေ့ဆက်ရမည့်လမ်းကို ကျွန်တော်တို့မမြင်နိုင်၍ မျှော်လင့်သကဲ့သို့မဟုတ်ဘဲ ကြုံဆုံရသည့်အတိုင်းကိုသာ ကျွန်တော်တို့ လက်ခံကြရသည်။

မည်သို့ပင်ဆိုစေကာမူ ခရစ်တော်၏ နောက်တော်လိုက်များသည် ဤခရီးစဉ်ကို တစ်ဦးတည်း ရင်ဆိုင်သွားနေရသည်မဟုတ်ပါ။ နှုတ်ကပတ်တော်မှ ဘုရားသခင်၏ အစဉ်မပြတ်တည်ရှိနေမှုကို သတိရစေသည်။ ဘုရားသခင်မရှိသောနေရာကို ကျွန်တော်တို့ မသွားနိုင်၊ ဘုရားသခင်မရှိသော နေရာလည်း မရှိပါ (ဆာ ၁၃၉:၇-၁၂)။ ကိုယ်တော်သည်ကျွန်ုပ်တို့ကို ချန်ရစ်မထားခဲ့ပါ၊ စွန့်ပစ်မသွားပါ (တရား ၃၁:၆ဟေဗြဲ ၁၃:၅)။ သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်ပေးမည်ဟု သခင်ယေရှု ကတိပေး ပြီးနောက် တပည့်တော်များအား “ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှာ စွန့်ပစ်မည် မဟုတ်။ သင်တို့ဆီသို့ လာဦးမည်”ဟု (ယော ၁၄:၁၈) ပြောကြားခဲ့သည်။

ကျွန်တော်တို့နှင့်အစဉ်ရှိမည်ဟု ကိုယ်တော်ကတိပေးထားခြင်းကြောင့် မိမိ သွားရသောခရီးစဉ်၌ စိန်ခေါ်မှု အခက်အခဲများ၊ အခွင့်အရေးများ၊ ကြုံဆုံရလျှင် စိတ်ချ ယုံကြည်မှုအပြည့်နှင့် ရင်ဆိုင်နိုင်ပါသည်။ BILL CROWDER

ချစ်တော်မူသောအရှင်၊ ကျွန်ုပ်လျှောက်သွားသောလမ်းကို ကိုယ်တော်သိသည် သာမက ကျွန်ုပ်နှင့်အတူ လျှောက်လှမ်းသည့်အတွက် ကျေးဇူးတင်ပါ၏။
အသက်တာတစ်လျှောက်လုံး သွားရသည့် ခရီး၌ နေ့ရက်တိုင်း ကိုယ်တော်၏ တည်ရှိခြင်း၊ မစမှု၊ ဉာဏ်ပညာတော်အပေါ် မှီခိုအားထားတတ်ရန် ကူမတော်မူပါ။

အဘယ်အရပ်သို့ ဦးတည်သွားနေသည်ကို ယုံကြည်ခြင်းက လုံးဝမသိပါ။ သို့သော် ဦးဆောင်သွားနေသူကိုဖြင့် ယုံကြည်ခြင်းက ချစ်မြတ်နိုးလျက် သိရှိသည်။ – Oswald Chambers, My Utmost for His Highest

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။