ဣသရေလလူတို့ကို ဖာရောဘုရင် လွှတ်သောနောက်၊ ဖိလိတ္တိပြည်ကို လျှောက်သောလမ်းသည် ဖြောင့်သော်လည်း ထိုလမ်းဖြင့် ဘုရားသခင် ဆောင်တော်မမူ။ (ထွက် ၁၃:၁၇)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ထွက်မြောက်ရာကျမ်း ၁၃:၁၇-၂၂

၁၇ ဣသရေလလူတို့ကို ဖာရောဘုရင်လွှတ်သောနောက်၊ ဖိလိတ္တိပြည်ကို ရှောက်သောလမ်းသည် ဖြောင့်သော်လည်း၊ ထိုလမ်းဖြင့် ဘုရားသခင်ဆောင်တော်မမူ။ အကြောင်းမူကား၊ သူတို့သည် စစ်မှုကို တွေ့မြင်သောအခါ စိတ်ပျက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကောင်းပြန်ကြလိမ့်မည်ဟု သိတော်မူ၏။ ၁၈ ထိုကြောင့် ဘုရားသခင်သည်၊ သူတို့ကို ဧဒုံပင်လယ်နားတောလမ်းဖြင့် ဝိုင်း၍ ဆောင်တော်မူ၏။ ဣသရေလအမျိုးသားတို့သည်၊ ခင်းကျင်းသော တပ်အစဉ်အတိုင်း အဲဂုတ္တုပြည်မှ ထွက်သွားကြ၏။ ၁၉ အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာတော်မူမည်။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှ ယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ် ကျိန်ဆိုစေသောကြောင့်၊ သူ၏အရိုးတို့ကို မောရှေသည် မိမိ၌ ယူဆောင်လေ၏။ ၂၀ တဖန် သူတို့သည် သုကုတ်အရပ်မှ ထွက်သွား၍ တောအနား၊ ဧသံမြို့၌ စားခန်းချကြ၏။ ၂၁ သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရားသည် နေ့၌ကား၊ လမ်းပြဖို့ မိုဃ်းတိမ်တိုင်အားဖြင့်လည်းကောင်း၊ ညဉ့်၌ကား၊ အလင်းပေးဖို့ မီးတိုင်အားဖြင့်လည်းကောင်း၊ သူတို့ရှေ့က ကြွတော်မူ၏။ ၂၂ နေ့အချိန်၌ မိုဃ်းတိမ်တိုင်၊ ညဉ့်အချိန်၌ မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ။

အဆင်ပြေလွယ်ကူသောလမ်းလား

ဘဝခရီးလမ်းက ရံဖန်ရံခါ ခက်ခဲကြမ်းတမ်းတတ်သည်။ သို့ဖြစ်၍ ဘုရားသခင်သည် ကျွန်ုပ်တို့အား အဆင်ပြေချောမွေ့သောလမ်းသို့ အစဉ်ပို့ဆောင်မည် မျှော်လင့်ထားပါက ခရီးလမ်းကြမ်းလာလျှင် ကိုယ်တော့်ထံမှ လှည့်ပြန်ရန် သွေးဆောင်ခြင်းခံရပေမည်။

ထိုသို့ ဘုရားရှင်ထံမှ လှည့်ထွက်သွားရန် ကြံစည်မိသည်ဆိုပါက ဣသရေလ လူတို့အကြောင်းကို စဉ်းစားဆင်ခြင်လိုက်ပါ။ နှစ်ပေါင်း ရာနှင့်ချီပြီး အဲဂုတ္တုပြည်၌ ကျွန်ပြုခံရပြီးနောက် လွတ်မြောက်ခွင့်ရလာချိန်တွင် ကတိထားရာပြည်သို့ ရှေ့ရှု ထွက်ခွာလာသည်။ ဘုရားသခင်သည် သူတို့ကို အိမ်သို့ တန်းတန်းမတ်မတ် မပို့ဆောင်ပါ။ “ဖိလိတ္တိပြည်ကို လျှောက်သောလမ်းသည် ဖြောင့်သော်လည်း ထိုလမ်းဖြင့် ဘုရားသခင် ဆောင်တော်မမူ” (ထွက် ၁၃:၁၇)။ ယင်းအစား သူတို့အား ကန္တာရကိုဖြတ်စေပြီး ခက်ခဲသောလမ်းဖြင့် ပို့ဆောင်ခဲ့သည်။ လတ်တလောတွင် ၎င်းတို့သည် တိုက်ပွဲ များကို ရှောင်ရှားနိုင်ခဲ့ပြီး (:၁၇)၊ ရေရှည်အတွက်မူ သာ၍ ကြီးမြတ်သော အမှုတော်ရှိနေပါသည်။

ဘုရားသခင်သည် သူ့နောက်တော်လိုက်ရန် ရွေးနှုတ်ခေါ်တော်မူသောသူတို့ ရင့်ကျက်လာအောင် သွန်သင်ညွှန်ကြားရန် တော၌လှည့်လည် သွားခဲ့ရသည့်အချိန်များကို အသုံးပြုခဲ့သည်။ လွယ်ကူသောလမ်းက သူတို့အတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည်။ ရှည်လျားသောခရီးလမ်းက ကတိထားရာပြည်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ရန် ဣသရေလလူတို့ကို ပြင်ဆင်ပြုပြင်ပေးခဲ့သည်။

ကျွန်ုပ်တို့၏ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၍ ကျွန်ုပ်တို့ ဘာကိုဘဲ ကြုံတွေ့ရပါစေ၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ခေါ်ဆောင်သွားမည်၊ ဂရုပြုမည် ဖြစ်ကြောင်း စိတ်ချယုံကြည်ထားနိုင်ပါသည်။ မိမိရောက်ရှိနေသော လမ်းနှင့် ပတ်သက်၍ နားမလည်နိုင်ဖြစ်ရလည်း လမ်းခရီးတစ်လျှောက်လုံးတွင် ယုံကြည်ခြင်းအရာ၌တိုးပွားကာ ရင့်ကျက်ကြီးထွားလာအောင် ဘုရားသခင် မစတော်မူမည်အကြောင်း စိတ်ချယုံကြည် နိုင်ပါသည်။ DAVE BRANON

သခင်ဘုရား၊ ရှေ့လာမည့် လမ်းခရီးကို ကျွန်ုပ်တို့ မမြင်နိုင်ပါ။
သို့ဖြစ်၍ ကိုယ်တော်၏လမ်းခရီးမှာ လမ်းမှန်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ လျှောက်လှမ်းရန် အသင့်လျော်ဆုံးလမ်းဖြစ်ကြောင်း စိတ်ချယုံကြည်ရမည်။
ကျွန်ုပ်တို့၏လမ်းခရီး၌ ကိုယ်တော့်အား ဦးဆောင်ညွှန်ကြားခွင့် ပေးတတ်ရန် သွန်သင်မူပါ။ ခွန်အားပေးမူပါ။

ဘုရားသခင်၏အချိန်သည် အမြဲပင် အချိန်ကိုက်ဖြစ်သည်။ စိတ်ရှည်စွာနှင့် ကိုယ်တော့်အား စောင့်ဆိုင်းပါ။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။