ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နားထောင်ပါသည် တကား။ (မ ၈:၂၇)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ။ ရှင်မဿဲခရစ်ဝင် ၈:၂၃-၂၈

၂၃ ထိုအခါ လှေထဲသို့ ဝင်တော်မူ၍ တပည့်တော်တို့သည် လိုက်ကြ၏။ အိုင်၌ လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။ ၂၄ ကိုယ်တော်သည် ကျိန်းစက်၍ နေတော်မူ၏။ ၂၅ တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏။ ကယ်မတော်မူပါဟု လျှောက်ကြသော်၊ ၂၆ ကိုယ်တော်က၊ ယုံကြည်အားနည်းသော သူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်းဟု မေးတော်မူ ပြီးလျှင်၊ ထ၍ လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။ ၂၇ ထိုလူတို့ကလည်း၊ ဤသူကားအဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နား ထောင်ပါသည်တကားဟု အံ့ဩကြ၏။ ၂၈ ကမ်းတဘက် ဂါဒရပြည်သို့ ရောက်တော်မူသောအခါ …၊

မိုးကုတ်စက်ဝိုင်းမှ မုန်တိုင်းများ

ကျွန်ုပ်၏သား ဂျော့(ရှ်)သည် အလက်စကာမြို့၊ ကိုဒက်ရွာလေးမှ ဆော်လမွန်ငါးဖမ်းသော တံငါသည်တစ်ဦးဖြစ်သည်။ တစ်ကြိမ်တွင် သူသည် သူ့လှေပေါ်မှနေ၍ လှေနှင့် ကိုက်တစ်ရာခန့် အကွာရှိ အခြားလှေတစ်စင်းပုံကို ဓာတ်ပုံရိုက်ယူကာ ကျွန်ုပ်တို့ထံ ပို့လာသည်။ ပုံထဲတွင် မနှစ်မြို့ဖွယ်ရာ မိုးသားတိမ်တိုက်များက လှေငယ်လေးကို လွှမ်းမိုးထားသည်။ သို့သော်လည်း ကျွန်ုပ်တို့ကို အစဉ်အမြဲ ချစ်ကာ သတိနှင့်ကြည့်ရှု စောင့်ရှောက်တော်မူသော ဘုရားသခင်၏ အသွင်သဏ္ဍာန်ကို ဆောင်သော သက်တန့် ငယ်သည် ထိုလှေငယ်လေးကို မိုး၍ ဝန်းရံထားသည်။

ထိုဓာတ်ပုံလေးက လောကခရီးရှည်ကို ပုံဆောင် သည်။ ကျွန်ုပ်တို့သည် မရေရာသော ခရီးရှည်ကို ဖြတ်သန်း သွားနေရသည်။ သို့သော် ထိုခရီးလမ်းတွင် ဘုရားသခင်၏ သစ္စာတော်က ကျွန်ုပ်တို့ကို ဝန်းရံပို့ဆောင်သည်။

တပည့်တော်တို့သည် ပင်လယ်ပြင်တွင် မုန်တိုင်း လှိုင်းတံပိုးဒဏ်နှင့် တွေ့ကြုံရသည်တွင် သခင်ယေရှုသည် ထိုအတွေ့အကြုံနှင့် ယှဉ်ကာ ဘုရားသခင်၏တန်ခိုးတော်နှင့် သစ္စာတော်တို့ကို သွန်သင်ပြသ ပေးခဲ့သည်။ မသေချာမှုများနှင့် ပြည့်နှက်နေသော ဘဝခရီးလမ်းတွင် ဘာဖြစ်လာမလဲဟု ဘဝ ရှေ့ရေးအတွက် စိတ်ပူကာ ဘဝအာမခံကို ရှာဖွေကြသည်။ ကဗျာဆရာ ဂျွန်ကေဘယ် (John Keble) စပ်ဆိုထားသောကဗျာတစ်ပုဒ်တွင် နီးကပ်ရောက်ရှိလာသည့် အနာဂတ်ကို စောင့်ကြည့်ရင်း “ကိုယ်တော်ဘာလုပ်မလဲဟု စောင့်စားမျှော်လင့်မိကြောင်း” သူရေးဖွဲ့ ခဲ့သည်။

ကြီးငယ်မဟူ အယုတ်အလပ်အမြတ်မရွေး လူတိုင်း မသေချာ မရေရာသော အနာဂတ်ကို ရင်ဆိုင်ဖြတ်သန်းနေကြရသည်။ အနာဂတ်ရှေ့ခရီး၌ မည်သည်တို့ စောင့်ကြိုနေစေကာမူ ဘုရားသခင်၏မေတ္တာတော်နှင့် ကောင်းမြတ်ခြင်းက ကျွန်ုပ်တို့ကို ဝန်းရံနေကြောင်း အထက်ရပ်ကောင်းကင်မှ သတိပေးသည်။ ဘုရားသခင် ဘာလုပ်မည်နည်းဟု ကျွန်ုပ်တို့ စောင့်စားမျှော်လင့်ကြပါစို့။ DAVID ROPER

ယနေ့တွင် ဘဝ၏မည်သည့်ကဏ္ဍတွင် ဘုရားသခင်အား ယုံကြည်ကိုးစားရန်လိုအပ်နေသနည်း။

ဘုရားသခင်၏သစ္စာတော်တို့ ဝန်းရံပံ့ပိုးလျက် မရေရာသော ရှေ့အနာဂတ်သို့ ကျွန်ုပ်တို့ ခရီးဆက်ထွက်ခွာသည်။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။