ဘုရားသခင်၌ တည်နေကြလော့။ (ဖိ ၄:၁)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ဖိလိပ္ပိဩဝါဒစာ ၃:၁၂-၄:၁

၃:၁၂ ထိုသို့ဆိုသော် အကျိုးကိုခံရပြီ၊ စုံလင်ခြင်းသို့ ရောက်ရပြီဟု ငါမဆိုလို၊ အကြင်အကျိုးကိုပေးခြင်းငှါ ခရစ်တော်သည် ငါ့ကို ကိုင်ဘမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိခြင်းငှါ ငါပြေး၍ လိုက်သေး၏။ ၃:၁၃ ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ် မထင်သော်လည်း၊ ငါပြုသောအမှုတခုဟူမူကား၊ နောက် ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသောအရာတို့ကို လှမ်းကမ်း၍၊ ၃:၁၄ ယေရှုခရစ်အားဖြင့်ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။ ၃:၁၅ ထိုကြောင့် စုံလင်သောသူရှိသမျှတို့သည် ဤသို့သောသဘောကို စွဲလမ်းရကြမည်။ သင်တို့သည် တစုံတခုသောအရာ၌ သဘောခြားနားလျှင်၊ ထိုအရာကိုပင် ဘုရားသခင် ဘော်ပြတော်မူလိမ့်မည်။ ၃:၁၆ သို့မဟုတ်သော်လည်း၊ ယခုမှီသမျှအတိုင်း တနည်းတည်းကျင့်၍ တသဘောတည်းရှိရကြမည်။ ၃:၁၇ ညီအစ်ကိုတို့၊ ငါကျင့်သည်နည်းတူ သင်တို့သည် တညီတညွတ်တည်း ကျင့်ကြလော့။ ငါတို့ပေးသော ပုံသက်သေနှင့်အညီ ကျင့်သောသူတို့ကိုလည်း ရှုမှတ်ကြလော့။ ၃:၁၈ အကြောင်းမူကား၊ အထက်အဖန်ဖန် ငါပြော၍၊ ယခုပင် မျက်ရည်ကျလျက်နှင့် ပြောသည်အတိုင်း၊ ခရစ်တော်၏ လက်ဝါးကပ်တိုင်ကို ရန်ဘက်ပြု၍ ကျင့်သောသူအများရှိကြ၏။ ၃:၁၉ ထိုသူတို့သည် ပျက်စီးခြင်း၌ လမ်းဆုံးတတ်ကြ၏။ သူတို့၏ ဘုရားမူကား၊ မိမိတို့ဝမ်းပေတည်း။ မိမိတို့ ရှက်ကြောက်ဘွယ်သော အကျင့်၌သာ မိမိတို့ဝါကြွားကြ၏။ လောကီအရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြ၏။ ၃:၂၀ ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။ ၃:၂၁ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိ အောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်၏နည်းတူ ဖြစ် စေခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့။
၄:၁ ထိုကြောင့် ငါဝမ်းမြောက်ခြင်းအကြောင်း၊ ငါ့ဦးရစ်သရဖူတည်းဟူသော၊ ငါချစ်၍ အလွန်လွမ်းသော ညီအစ်ကိုတို့၊ ငါဆိုခဲ့ပြီးသည်အတိုင်း သခင်ဘုရား၌ တည်နေကြလော့၊ ငါ့ချစ်သူတို့။

သခင်၌တည်လျက် စွဲကိုင်ထား

တရုတ်ပြည် Zhangjiajie ဒေသရှိ Tianmen တောင်သည် ကမ္ဘာ့အလှဆုံးတောင် တစ်ခုဖြစ်သည်။ ခန့်ငြားထည်ဝါလှသော တောင်စွယ်တောင်တန်း၏အလှကို ရှုမြင်နိုင်ရန် အဝေးပြေး မိုးပျံကား Tianmen Shan ကို စီးပြီး ၇၄၅၅ မီတာ (၄.၅ မိုင်)ခရီးကို သွားရမည်။ ထိုမိုးပျံကားလေးတွင် မည်သည့်မော်တာမှမပါဘဲ မြင့်မားလှသော တောင်တန်းများ ပေါ်တွင် စနစ်တကျနှင့် ခရီးဝေးနှင်နိုင်ခြင်းက အံ့သြဖွယ်ကောင်းလှ သည်။ ထိုအမြင့်တွင် မိုးပျံကားလေးသည် အားကောင်းသည့် စက်ယန္တရားများဖြင့် ရွေ့လျားနေသောကြိုးပေါ်တွင် မြဲမြံစွာ ချိတ်ဆက်လျက် ဘေးကင်းလုံခြုံစွာဖြင့် ရွေ့လျားနေပါသည်။

ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာ ခရီးလမ်းတွင် ပန်းတုံးတိုင်သို့ အောင်မြင်စွာ မည်သို့ပြေးမည်နည်း။ “ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှါ” (ဖိ ၃:၁၄) မည်သို့ ဇွဲနဲ့ဆက်ပြေးကြမည်နည်း။ “ဘုရားသခင်၌ တည်နေကြလော့” (၄:၁)ဟု ရှင်ပေါလုရည်ညွှန်းသည့်အတိုင်း ကျွန်ုပ်တို့သည် အထက်ပါ မိုးပျံကားကဲ့သို့ပင် သခင်ခရစ်တော်၌ မြဲမြံစွာ တည်နေရမည်။ ကျွန်ုပ်တို့တွင် ကိုယ်ပိုင် အားကိုးစရာ အရင်းအမြစ်မရှိပါ။ ကျွန်ုပ်တို့ ရှေ့ဆက်သွားနိုင်အောင် သခင်ခရစ်တော် ထံ၌ အကြွင်းမဲ့ ပုံအပ်မှီခိုရပါမည်။ ကိုယ်တော်သည် အကြီးမားဆုံးသော စိန်ခေါ်မှုများ အကြား ကျွန်ုပ်တို့ကို ပို့ဆောင်လျက် ဘေးကင်းလုံခြုံစွာဖြင့် အိမ်ရောက်သည့်တိုင် လမ်းပြနေဦးမည်။

ရှင်ပေါလုသည် လောက၌ သူရှင်သန်ရမည့် နောက်ဆုံးနေ့ရက်များထိတိုင် “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ” (၂ တိ ၄:၇) ဟူ၍ ကြွေးကြော်ခဲ့သည်။ သင်လည်း ဤကဲ့သို့ ကြွေးကြော်နိုင်ပါသည်။ ခရစ်တော်ကိုသာ ရိုးရှင်းစွာဖြင့် ခိုင်မြဲစွာဆုပ်ကိုင်လျက် သခင်၌တည်နေပါ။ ALBERT LEE

သခင့်ကို မြဲစွာဆုပ်ရန်ရွယ်စဉ် သခင်ကသာ မြဲခိုင်စွာ ကျွန်ုပ်ကို ဆုပ်ကိုင်ထား၍ ကျေးဇူးပါသခင်။ ကျွန်ုပ်တို့အတွင်း၌ သခင်အလုပ်လုပ်နေပြီး ကျွန်ုပ်တို့၏ ယုံကြည်ခြင်းခရီး၌ သခင့်ကိုဆက်လက်ယုံကြည်ကိုးစားအောင် လိုအပ်သည်များ ဖြည့်ပေးနေသည်။

ယုံကြည်ခြင်း၌ တည်နေခြင်းဟူသည် ဘုရားရှင်က သစ္စာရှိစွာ ကျွန်ုပ်တို့ကို ထိန်းသိမ်းပို့ဆောင်နေကြောင်း စိတ်ချနေခြင်းဖြစ်သည်။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။