သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ (ဟေရှာ ၄၁း၁၀)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ တရားသူကြီးမှတ်စာ ၇:၁-၈

ယေရုဗ္ဗာလအမည်ဖြင့် ခေါ်ဝေါ်သော ဂိဒေါင်သည် နံနက်စောစောထ၍၊ ရှိသမျှသော သူတို့နှင့်တကွ ဟာရုတ်ရေတွင်းနားမှာ တပ်ချသဖြင့်၊ မိဒျန်တပ်သည် မြောက်ဘက်၊ မောရေတောင်ခြေရင်းချိုင့်၌ ရှိ၏။ ထာဝရဘုရားကလည်း၊ သင်၌ပါသော လူတို့သည် အလွန်များ၍၊ သူတို့လက်၌ မိဒျန်လူတို့ကို ငါမအပ်ရ။ အပ်လျှင် ဣသရေလအမျိုးက၊ ငါ့လက်ရုံးသည် ငါ့ကိုကယ်တင်ပြီဟု ငါ့တဘက်၌ ဝါကြွားလိမ့်မည်။ သို့ဖြစ်၍၊ ကြောက်လန့်သောသူ မည်သည်ကား၊ ဂိလဒ်တောင်မှ စောစောပြန်သွားစေဟု လူများတို့အား ဟစ်ကြော်လော့ဟု ဂိဒေါင်အား မိန့်တော်မူသဖြင့်၊ လူနှစ်သောင်းနှစ်ထောင် ပြန်သွား၍ တသောင်းကျန်ရစ်၏။ တဖန် ထာဝရဘုရားကလည်း၊ လူတို့သည် အလွန်များသေး၏။ ရေဆိပ်သို့ ခေါ်ခဲ့လော့။ သူတို့ကို ရေဆိပ်မှာ သင့်အဘို့ ငါစုံစမ်းမည်။ ထိုအခါ ဤမည်သောသူသည် သင်နှင့်အတူ သွားရမည်ဟု ငါဆိုလျှင်၊ ထိုသူသည် သွားရမည်။ ဤမည်သော သူမသွားရဟု ငါဆိုလျှင် ထိုသူသည် မသွားရဟု မိန့်တော်မူသည်အတိုင်း၊ ဂိဒေါင်သည် လူတို့ကို ရေဆိပ်သို့ ခေါ်ခဲ့၍၊ ထာဝရဘုရားက၊ ခွေးသည် ရေကိုလျက်၍ သောက်သကဲ့သို့ လျှာနှင့်လျက်၍ သောက်သောသူတစု၊ ဒူးထောက်လျက် ဝပ်၍ သောက်သောသူတစု၊ ထိုလူနှစ်စုကို ခွဲထားလော့ဟု ဂိဒေါင်အား မိန့်တော်မူ၏။ ထိုအခါ မိမိလက်ခုပ်နှင့်ရေကို ယူသဖြင့် လျက်၍ သောက်သောသူ သုံးရာရှိ၏။ ကြွင်းသောသူအပေါင်းတို့သည် ရေသောက်ခြင်းငှါ ဒူးထောက်၍ ဝပ်ကြ၏။ ထာဝရဘုရားကလည်း၊ လျက်၍ သောက်သောသူ သုံးရာအားဖြင့် သင့်ကို ငါကယ်တင်၍ မိဒျန်လူတို့ကို သင့်လက်၌အပ်မည်။ ကြွင်းသောသူတို့ကို မိမိနေရာသို့ ပြန်သွားစေဟု ဂိဒေါင်အား မိန့်တော်မူ၏။ ထိုသူတို့သည် စားစရိတ်နှင့် တံပိုးများကို ယူ၍၊ ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ကို မိမိနေရာသို့ ဂိဒေါင်သည် လွှတ်လိုက်သဖြင့်၊ ထိုသုံးရာသော လူတို့ကိုသာ မိမိနှင့်အတူ ချန်ထားလေ၏။ မိဒျန်လူတို့သည် သူ့အောက်ချိုင့်၌ တပ်ချလျက် ရှိကြ၏။

ကျွန်ုပ်၏ခွန်အားဖြစ်သော ဘုရားရှင်

ဗာဗုလုန် စစ်သားများအား လူကြီးလူကောင်းများဟူ၍ မည်သူမျှ တလွဲ အမှတ်မှားမည် မဟုတ်ပါ။ ၎င်းတို့သည် အကြင်နာကင်းမဲ့သည်။ ဒူပေနာပေ ခံနိုင်သည်။ ကြောက်စရာ ကောင်းသည်။ သိန်းငှက်က သားကောင်ကို ထိုးသုတ်ယူသကဲ့သို့ အခြားတိုင်းနိုင်ငံများကို တိုက်ခိုက်ကြသည်။ တန်ခိုးအာဏာရှိရုံမက မာန်မာနလည်း ထောင်လွှားနေကြသေးသည်။ သူတို့၏တိုက်ရည်ခိုက်ရည်အစွမ်းကို သူတို့ကိုးစားသည်။ သမ္မာကျမ်းမှ ၎င်း၏ခွန်အားသည် ၎င်းတို့၏ဘုရား ဖြစ်ကြောင်း ပြောထားသည် (ဟဗ ၁:၁၁)

ဣသရေလတပ်များသည် မိဒျန်လူတို့နှင့် တိုက်ပွဲဝင်ရန် ပြင်ဆင်နေချိန်တွင် ဘုရားသခင်သည် ၎င်းတို့အား ထိုကဲ့သို့ မိမိကိုယ်မိမိ အားကိုးခြင်းများ မရှိစေလိုပါ။ ထို့ကြောင့် ဣသရေလတပ်၏ ဗိုလ်ချုပ်ဖြစ်သော ဂိဒေါင်အား “သင်၌ပါသောလူတို့သည် အလွန်များ၍ သူတို့လက်၌ မိဒျန်လူတို့ကို ငါမအပ်ရ။ အပ်လျှင် ဣသရေလအမျိုးက ငါ့လက်ရုံးသည် ငါ့ကိုကယ်တင်မည်ဟု ငါ့တစ်ဘက်၌ ဝါကြွားလိမ့်မည်” (သူကြီး ၇:၂)ဟု မိန့်တော်မူ၏။ ထို့ကြောင့် ကြောက်ရွံ့နေသူမှန်သမျှ ဂိဒေါင်ပြန်လွှတ်လိုက်သည်။ နှစ်သောင်း နှစ်ထောင်သော လူတို့ကို အိမ်ပြန်စေပြီး လူ တစ်သောင်းသာ ကျန်သည်။ ဘုရားသခင်သည် လူအယောက် ၃၀၀ သာ ကျန်သည်အထိ လူဦးရေကို လျော့ချခဲ့သည် (:၃-၇)။

အင်အားအနည်းစုလေးရှိခြင်းသည် ချိုင့်ထဲမှ ကျိုင်းကောင်နှင့်အမျှ များသော သူတို့၏ရန်သူသည် ဣသရေလတို့ထက် သိသိသာသာပင် အင်အားကြီးကြောင်း ပေါ်လွင်စေသည် (:၁၂)။ သို့သော် ဘုရားသခင်သည် ဂိဒေါင်စစ်တပ်အား အောင်ခြင်းအခွင့်ကို ပေးခဲ့သည်။

အချို့အချိန်များတွင် ဘုရားသခင်သည် ကျွန်ုပ်၏စွမ်းအင်များကို လျော့ချပြီး ရှေ့ဆက်သွားရန်အတွက် သူ့ခွန်အား၌ မှီခိုစေသည်။ ကျွန်ုပ်တို့၌ လိုအပ်မှုရှိခြင်းက ဖြည့်ဆည်းပေးနိုင်သူ ကိုယ်တော်၏အစွမ်းတန်ခိုးကို ဖော်ပြနေသည်။ “ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင့်မည်။ ငါ့သစ္စာလကျ်ာဖြင့် ထောက်ပင့်မည်” (ဟေရှာ ၄၁:၁၀) ဟု မိန့်ကြား ခဲ့သူမှာလည်း ဘုရားသခင်ကိုယ်တော်တိုင်ပင်ဖြစ်သည်။ JENNIFER BENSON SCHULDT

အိုအဘ၊ ကိုယ်တော်၏ ထောက်ပံ့မစမှုအတွက် ကျေးဇူးတင်ပါ၏။
ကျွန်ုပ်အားနည်းချိန်မှာ ကျွန်ုပ်ကို သယ်ပိုးပါသည်။
ဘဝ၌ အောင်မြင်မှုရတိုင်း ကိုယ်တော်၏ဘုန်းတော်အတွက်သာဖြစ်စေရန် ကူမတော်မူပါ။

ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိ၏အစွမ်း ခွန်အားပေါ်တွင် မဟုတ်၊ သူ့ခွန်အားပေါ်တွင်သာ မှီခိုစေလိုသည်။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။