သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြ လိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီဟု မိန့်တော်မူ၏။ (ယော ၁၆:၃၃)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ကောရိန္သုဩဝါသစာဒုတိယစောင် ၄:၈-၁၈

ငါတို့သည်အမျိုးမျိုးသော နှောင့်ရှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည် နိုင်အောင်ရှိသော်လည်း စိတ်မပျက်။ ညှင်းဆဲခြင်းကိုခံရသော်လည်း ဆုံးရှုံးခြင်းမရှိ။ အောက်သို့ လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့မရောက်။ ၁၀ သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်းကို ငါတို့ကိုယ်ခန္ဓာ၌ ထင်ရှားစေခြင်းငှါ။ ယေရှု၏ သေတော်မူခြင်းကို အစဉ်မပြတ်ငါတို့၏ ကိုယ်ခန္ဓာ၌ ဆောင်ရကြ၏။ ၁၁ အဘယ်သို့နည်းဟူမူကား၊ ယေရှုသည် အသက်ရှင်တော်မူကြောင်းကို၊ ငါတို့၏သေတတ်သော ခန္ဓာကိုယ်၌ ထင်ရှားစေခြင်းငှါ၊ ငါတို့သည် အသက်ရှင်စဉ်တွင် ယေရှုကြောင့် သေခြင်းလက်သို့ အစဉ်အပ်နှံခြင်းကို ခံရကြ၏။ ၁၂ သို့ဖြစ်၍ သေခြင်းတရားသည် ငါတို့၌ ပြုပြင်တတ်၏။ သင်တို့၌ကား၊ အသက်ရှင်ခြင်းတရားသည် ပြုပြင်တတ်၏။ ၁၃ ထိုသို့သော ယုံကြည်ခြင်းစိတ်ရှိသည် ဖြစ်၍၊ ငါသည် ယုံကြည်သောကြောင့် မြွတ်ဆို၏ဟု ကျမ်းစာလာ သည်နှင့်အညီ၊ ငါတို့သည် ယုံကြည်ခြင်းစိတ် ရှိသောကြောင့် မြွတ်ဆိုဟောပြောကြ၏။ ၁၄ သခင်ယေရှုကို ထမြောက်စေတော်မူသော သူသည် ယေရှုအားဖြင့် ငါတို့ကိုလည်း ထမြောက်စေ၍၊ သင်တို့နှင့်အတူ အထံတော်၌ သွင်းတော်မူမည်ဟု ငါတို့သိကြ၏။ ၁၅ အများသောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်းသည်နှင့်၊ ထိုကြွယ်ဝသော ကျေးဇူးတော်သည် ဘုရားသခင်၏ ဘုန်းသရေတော်ကို ထင်ရှားစေမည် အကြောင်း၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ အလို့ငှါဖြစ်သတည်း။ ၁၆ ထိုကြောင့် ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း၊ အတွင်းလူမူကား တနေ့ထက်တနေ့ ပြုပြင်ခြင်းကိုခံရ၏။ ၁၇၊ ၁၈ အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။

အားတက်စရာ

ငှက်များလှုပ်ရှားပျံသန်းသည်ကို ကြည့်ပြီးသဘောကျသဖြင့် လွန်ခဲ့သော နှစ်များစွာက အိမ်နောက်ဖေးတွင် ကျွန်တော် ဘေးမဲ့တောတစ်ခု ဖန်တီးကာ ငှက်များကို ဆွဲဆောင်ခဲ့သည်။ မိတ်ဆွေငှက်များကို အစာကျွေးခြင်း၊ ၎င်းတို့ လူးလာပျံသန်းမှုများကို ကြည့်ပြီး မကြာမီ ကပင် စိတ်ချမ်းသာခဲ့သည်။ ထို့နောက်တွင် သိမ်းငှက်ကြီးတစ်ကောင် ရောက်လာကာ ငှက်လေးများ၏အသိုက်အမြုံကို သူ့စားကျက်ပမာ ငှက်များကို ဖမ်းဆီးစားသောက်လေသည်။

ကျွန်တော်တို့ အခြေတကျ သက်သောင့်သက်သာ ဖြစ်တော့မည့်အချိန်တွင် တစ်စုံတစ်ယောက် (သို့) တစ်စုံတစ်ရာ ကျွန်တော်တို့၏အသိုက်အမြုံကို လာရောက် မွှေနှောက်ခြင်းသည် ဘဝလောကဓံပင်ဖြစ်သည်။ ‘ဘဝကြီးက ဘာကြောင့် မျက်ရည်ချိုင့်ဝှမ်းပမာ ဖြစ်နေရ သနည်း’ ဟု ကျွန်တော်တို့ မေးတတ်ကြသည်။ ထိုမေးခွန်းဟောင်း၏အဖြေများစွာကို ကျွန်တော် ကြားခဲ့ဖူးပါသည်။ သို့သော် “လောကကြီးက ဆုံးမသင်ပေးလိုက် တာတွေက ကျုပ်တို့ကို ကလေးငယ်တွေ ဖြစ်စေတယ်။ ဒါမှ ကိုယ်ထင်ရှားပြတဲ့ ဘုရားသခင်ကို ကျုပ်တို့မြင်မယ်လေ” (George MacDonald ရေးသော Life Essential စာအုပ်မှ ထုတ်နှုတ်သည်) ဟူသည့် မကြာမီက ကြားခဲ့ရသည့်အဖြေကိုဖြင့် စိတ်ကျေနပ်မိသည်။ ကျွန်တော်တို့ သူငယ်ကဲ့သို့ဖြစ်လျှင် ယုံကြည်တတ်လာမည်။ ကောင်းကင်ဘုံရှင် အဘ၏မေတ္တာကို လုံးလုံးလျားလျား ခိုလှုံတတ်လာမည်။ ကိုယ်တော်အား ပို၍ ဆာငတ်ရှာဖွေလာပြီး သူနှင့်ပို၍ တူလိုမည်။

စိုးရိမ်ပူပန်ခြင်း၊ ပူဆွေးခြင်းများက အသက်တာထဲတွင် နေ့ရက်စဉ်တိုင်း လိုက်ပါ နေမည်ပင်။ သို့သော် ငါတို့သည် “အားလျော့ စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ … ငါတို့၏ ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ရောက်သော်လည်း၊ အတွင်းလူမူကား တစ်နေ့ထက် တစ်နေ့ ပြုပြင်ခြင်းကို ခံရ၏။ … ထင်ရှားသောအရာတို့ကို မကြည့် မမှတ်ဘဲ၊ မထင်ရှားသော အရာတို့ကို ကြည့်မှတ်ကြစဉ်အခါ၊ ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက် အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်း အသရေကို ငါတို့အဘို့ ဖြစ်စေတတ်၏” (၂ ကော ၄:၁၆-၁၈)။

ဤသို့အဆုံးသတ်မည့်အဖြစ်ကို စွဲလန်းလျက် ကျွန်ုပ်တို့ ဝမ်းမမြောက်ဘဲ နေနိုင် မည်လား။ DAVID H. ROPER

ကိုယ်တော်၏ဖြစ်တည်မှုနှင့် ကျွန်ုပ်တို့အပေါ် ထားရှိသော ရည်ရွယ်ချက်များကြောင့် ဝမ်းမြောက်ပါ၏။
ကိုယ်တော်သည် တန်ခိုးရှင်၊ ချစ်ခြင်းမေတ္တာတော်ရှင်၊ အရာခပ်သိမ်းကို ထိန်းချုပ်သူနှင့် ထာဝရဖြစ်သည်။
ကိုယ်တော့်ကို ကျွန်ုပ်တို့ ယုံ၍ ချစ်ပါသည်။

ကောင်းကင်နိုင်ငံ၏ ပျော်မွေ့ဝမ်းမြောက်ရွှင်လန်းစရာများသည် လောကရှိ အခက်အခဲပြဿနာများနှင့် နှိုင်းဆ၍ မမှီနိုင်၊ အရာရာ သာလွန်သည်။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။