ဘုရားသခင်၏သား ဖြစ်သောသူမည်သည်ကား လောကကို အောင်တတ်၏။ လောကကိုအောင်ခြင်း အကြောင်းမူကား ငါတို့၏ ယုံကြည်ခြင်းပေတည်း။ (၁ ယော ၅:၄)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၅:၁-၁၃

ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သားကိုလည်းချစ်တတ်သည်နှင့်အညီ၊ ငါတို့သည် ဘုရားသခင်ကိုချစ်၍၊ ပညတ်တော်တို့ကို စောင့်ကြည့်လျှင်၊ ဘုရားသခင်၏သားတို့ကို ချစ်ကြသည်ကို ငါတို့သိရကြ၏။ ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲ သည်မဟုတ်။ ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတပါး၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း။ ထိုသခင်ကား၊ ရေအားဖြင့်လည်းကောင်း၊ အသွေးအားဖြင့်လည်းကောင်း ကြွလာသောသူတည်းဟူသော ယေရှုခရစ် ပေတည်း။ ရေအားဖြင့်သာမဟုတ်၊ ရေအားဖြင့်လည်းကောင်း၊ အသွေးအားဖြင့်လည်းကောင်း ကြွလာတော်မူ၏။ သက်သေခံ ဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။ သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တပါး နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါတို့သည် တလုံးတဝတည်း ဖြစ်တော်မူ၏။ မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တပါး၊ ရေတပါး၊ အသွေးတပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါး တို့သည် တညီတညွတ်တည်းဖြစ်၏။ လူ၏သက်သေကိုယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကိုသာ၍ ယုံဘွယ်ရာအကြောင်းရှိ၏။ ယခုဆိုခဲ့ပြီးသော သက်သေကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းကို သက်သေခံတော်မူချက် ဖြစ်သတည်း။ ၁၀ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသာအပြစ်တင်၏။ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းမှာ သက်သေခံတော်မူသော စကားတော်ကို ထိုသူသည် မယုံဘဲနေ၏။ ၁၁ သက်သေခံတော်မူချက် ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ ၁၂ သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။ ၁၃ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။

အရှုံးလား၊ အနိုင်လား

နှစ်စဉ်နှစ်တိုင်း ဇွန်လ ၁၈ ရက် နေ့ရောက်လျှင် ယခု ဘယ်လဂျီယံဟု ခေါ်သောနိုင်ငံ၌ ဝါတာလူးစစ်ပွဲကြီး အောက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်ကျင်းပကြသည်။ ၁၈၁၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က အမတ်ကြီး ဝယ်လင်တန် (Duke of Wellington) ဦးဆောင်သော နိုင်ငံပေါင်းစုံတပ်ကြီးက နပိုလီယံ၏ ပြင်သစ်တပ်မတော်ကို အောင်နိုင်ချေမှုန်းခဲ့သည်။ ထိုအချိန်မှစ၍ “to meet your Waterloo” (ဝါတာလူးစစ်ပွဲ ရင်ဆိုင်ရတော့မည်) ဆိုသော စကားစုမှာ “ခွန်အားကြီးမားလွန်းသူတစ်ဦးဦး (သို့) အခက်ခဲပြဿနာတစ်ခုခုက သင့်ကို အနိုင်ယူ ချေမှုန်း တော့မည်” ဟုဆိုလိုသော စကားစုဖြစ်လာသည်။

ဝိညာဉ်ရေးရာ အသက်တာ၌လည်း ကြီးမားသော ကျရှုံးမှုသည် ရှောင်လွဲ၍မရသော၊ တစ်ချိန်တွင် “မိမိ၏ ဝါတာလူးစစ်ပွဲ” ကို လူတိုင်းကြုံရမည်ဟု လူအချို့က ထင်မှတ်ကြသည်။ သို့သော် ရှင်ယောဟန်က “ဘုရား သခင်၏သားဖြစ်သောသူ မည်သည်ကား လောကကို အောင်တတ်၏။ လောကကို အောင်ခြင်းအကြောင်းမူကား ငါတို့၏ ယုံကြည်ခြင်းပေတည်း” (၁ ယော ၅:၄) ဟု ခရစ်တော်၏ နောက်တော်လိုက်များထံ ရေးသားကာ အထက်ပါ အဆိုးမြင်ဝါဒကို ချေပထားသည်။

ရှင်ယောဟန်သည် သူ၏ဩဝါဒစာ ပထမစောင် တစ်ခုလုံး၌ လောကနှင့် လောကအရာများကို မစွဲလမ်းရန်၊ ၎င်းတို့သည် မကြာမီတွင် ပျောက်ပျက်သွားမည့်အကြောင်း (၂:၁၅-၁၇) ရေးသားလျက် ဝိညာဉ်ရေးရာ အောင်မြင်ခြင်းတည်းဟူသော အဓိက အချက်ကို ကျွန်ုပ်တို့အား မိန့်ကြားသည်။ လောကကို ချစ်မည့်အစား ဘုရားသခင်ကိုချစ်ပြီး ကိုယ်တော့်အား နှစ်သက်ကျေနပ်စေရပါမည်။ “ငါတို့အားပေးတော်မူသော ကတိတော် မူကား ထာဝရအသက်ကို ဝန်ခံတော်မူသော ကတိတော်ပေတည်း” (၂:၂၅)

အသက်တာ၌ နိမ့်တစ်လှည့် မြင့်တစ်ခါ အတက်အကျများကြုံဆုံရစဉ် ရှုံးတော့မည်ဟု ခံစားရလည်း ခရစ်တော်၏တန်ခိုးတော်ကို ကျွန်ုပ်တို့ကိုးစားသည်တွင် အမြင့်ဆုံးသော အောင်မြင်မှုကား ကျွန်ုပ်တို့အတွက်ပင် ဖြစ်တော့သည်။ DAVID MCCASLAND

သခင်ယေရှု၊ ပျက်စီးသော ဤကမ္ဘာလောကကြီး၌ ကိုယ်တော်၏ အမြင့်ဆုံးသော အောင်မြင်မှုက သေချာပေ၏။
ဤအကြောင်းကို အသက်တာ၏နေ့ရက်တိုင်း၌ ဝေမျှရန် ကိုယ်တော်စေခိုင်းနေ၏။
ကျေးဇူးတော်အားဖြင့်၊ ယုံကြည်ခြင်းအားဖြင့်၊ ကိုယ်တော့်ကို နာခံခြင်းအားဖြင့် လောကကို အောင်နိုင်စေပါ။

ဒုက္ခပြဿနာနှင့် ကြုံရလျှင် ထွက်မြောက်ရာလမ်းကား ထိုကာလတစ်လျှောက်လုံး ဘုရားသခင်အား ယုံကြည်ကိုးစားခြင်းပင်ဖြစ်သည်။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။