ပျက်စီးရာတွင်းနှင့် အလွန်ဆိုးသော ရွှံ့ထဲက ငါ့ကို ဆယ်နှုတ်ပြီးလျှင် ငါ့ခြေကို ကျောက်ပေါ်မှာ တင်၍ ငါ့ခြေရာတို့ကို တည်စေတော်မူ၏။ (ဆာ ၄၀:၂)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ဆာလံကျမ်း ၄၀:၁-၅

ငါသည် ထာဝရဘုရားကို စေ့စေ့မြော်လင့်သည် ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ၏။ ပျက်စီးရာတွင်းနှင့် အလွန်ဆိုးသောရွှံ့ထဲက ငါ့ကို ဆယ်နှုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှာတင်၍ ငါခြေရာတို့ကို တည်စေတော်မူ၏။ ထိုသို့ ငါတို့ဘုရားသခင်ကို ချီးမွမ်းရာသီချင်းသစ်ကို ငါမြွက်ဆိုစေခြင်းငှါ အခွင့်ပေးတော်မူ၏။ လူများတို့သည် သိမြင်၍ ကြောက်ရွံ့သောစိတ် နှင့်ထာဝရဘုရားကို ကိုးစားကြလိမ့်မည်။ မာနထောင်လွှားသောသူနှင့် မိစ္ဆာတရားလမ်းသို့ လွှဲသွားသော သူတို့ကိုမမှီဝဲ၊ ထာဝရဘုရားကို ကိုးစားသောသူသည် မင်္ဂလာရှိ၏။ အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့အဘို့ ပြုတော်မူသော အံ့ဩဘွယ်အမှုတို့နှင့် ကြံစည်တော်မူသော အကြံအစည်တို့သည် များလှပါ၏။ ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍ မကုန်နိုင်ပါ။ အကျွန်ုပ် ထုတ်ဘော်ကြားပြောမည်ဟု ဆိုသော်၊ ရေတွက်၍ မကုန်နိုင်အောင် များလှပါ၏။

ရပ်တည်ရန် ခိုင်ခံ့မြဲမြံသောနေရာ

ဂျော်ဂျီယာပြည်နယ်၏ သမိုင်းဝင် ဆာဗားနားမြို့ မြစ်ကမ်းနား လမ်းတစ်လျှောက်ကို မညီမညာ ကျောက်စရစ်ခဲများနှင့် လမ်းခင်းထားသည်။ ဒေသခံလူများ၏အဆိုအရ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်သန်းကုန်သွယ် ရာတွင် သင်္ဘောငြိမ်အောင် ကျောက်စရစ်ခဲများ တင်ဆောင်ရသည်။ ကုန်တင်သင်္ဘောများသည် ဂျော်ဂျီယာ၌ ဝန်စည်စလယ်များ တင်ပြီးသောအခါ ကျောက်စရစ်များ မလိုအပ်တော့ပေ။ သို့ဖြစ်၍ အနီးရှိ သင်္ဘောကျင်းများ၌ လမ်းခင်းရန်အတွက် အသုံးပြု လိုက်သည်။ ထိုကျောက်စရစ်များသည် အန္တရာယ်များသည့် ရေပြင်၌ သင်္ဘောကို တည်ငြိမ်စေသည့် သူတို့၏မူလတာဝန် ကျေပွန်ခဲ့ပါပြီ။

ကျွန်ုပ်တို့ ရှင်သန်နေထိုင်ရသည့် နေ့ရက်များသည်လည်း ပင်လယ်ပြင်ထက်မှ လှိုင်းတံပိုးများကဲ့သို့ ရုန်းရင်းခတ်နေသည်ဟု ခံစားကောင်းခံစားရမည်။ ရွက်လွှင့်သွားသော ရှေးသင်္ဘောကြီးများကဲ့သို့ ဘဝပင်လယ်မုန်တိုင်းကြီးထဲ၌ လိုရာခရီး ရောက်နိုင်ဖို့ရာ တည်ငြိမ်မှုရှိရန် လိုသည်။ ဒါဝိဒ်သည်လည်း အန္တရာယ်များနှင့် ရင်ဆိုင် ခဲ့ရသည်။ ခက်ခဲကြမ်းတမ်းသည့်အချိန်များကို သူကျော်လွှားပြီးနောက်ပိုင်းတွင် သူ့အား တည်ငြိမ်မြဲမြံစေရန် ကူညီမစတော်မူသော ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ထောမနာပြုသည်။ “ပျက်စီးရာတွင်းနှင့် အလွန်ဆိုးသောရွှံ့ထဲက ငါ့ကိုဆယ်နှုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှတင်၍ ငါ့ခြေရာတို့ကို တည်စေတော်မူ၏” ဟု ဒါဝိဒ် ဆိုခဲ့သည် (ဆာ ၄၀:၂)။ ပဋိပက္ခနှင့် ကျရှုံးမှု၊ မိသားစု အရှုပ်အထွေးများကို ဒါဝိဒ်တွေ့ကြုံခဲ့ရ သော်လည်း ဘုရားသခင်သည် သူ့ရပ်တည်ရန်နေရာကို ပြင်ဆင်ပေးခဲ့သည်။ သို့ဖြစ်၍ ‘ဘုရားသခင်ကို ချီးမွမ်းရာ သီချင်းသစ်’ကို ဒါဝိဒ် မြွက်ဆိုခဲ့သည် (:၃)။

ခက်ခဲသည့်အချိန်များတွင် တန်ခိုးနှင့်ပြည့်စုံသော ဘုရားသခင် တစ်ပါးတည်း သာလျှင် ယူဆောင်ပေးနိုင်သည့် တည်ငြိမ်မြဲမြံမှုကို မျှော်ကိုးနိုင်သည်။ သူ၏ သစ္စာတော်ဖြင့် ကြည့်ရှုစောင်မမှုများက “အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့အဘို့ ပြုတော်မူသော အံ့ဩဖွယ်အမှုတို့နှင့် ကြံစည်တော်မူသော အကြံအစည်တို့သည် များလှ၏” (:၅)ဟု ဒါဝိဒ်နှင့်အတူ မြွက်ဆိုရန် စိတ်နှလုံးကို လှုံ့ဆော်နေတော့သည်။ BILL CROWDER

ငါမျှော်လင့်ခြင်း အမြစ်တည်ရာ၊ ခရစ်တော်၏အသွေးမြတ်သာ၊ ငါ၏ကျင့်ဝတ် မီဘွယ်မရှိ၊ နာမတော် ကုသိုလ်အောင်သတည်း။ ကျောက်မြဲ ခရစ်တော် ငါခိုလှုံ၊ အခြားတည်ရာ ရှိရှိ သဲနှုန်း။ – EDWARD MOTE

ကျွန်ုပ်ပတ်လည်၌ ကမ္ဘာကြီး တစ်စစီ ပျက်စီးသွားသော်လည်း ခရစ်တော်သည် ကျွန်ုပ် ရပ်တည်မှီနိုင်သည့် မြဲတည်ကျောက်ဖြစ်သည်။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။