ထို့ကြောင့် ငါတို့သည် သနားခြင်းကရုဏာကို လည်းကောင်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကို လည်းကောင်း၊ ခံရမည်အကြောင်း ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။ (ဟေဗြဲ ၄:၁၆)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ဟေဗြဲဩဝါဒစာ ၄:၁၄-၁၆

၁၄ ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်းအကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ၌ တည်ကြည်ကြကုန်အံ့၊ ၁၅ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။ ၁၆ ထို့ကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြကုန်အံ့။

ကိုယ်တော် ကူမမူပါ

ကျွန်မသူငယ်ချင်းက ‘သူ ကလေးအမေ ဖြစ်တော့မည်’ ဟုပြောပြစဉ် သူ့အတွက် ကျွန်မ ဝမ်းသာခဲ့သည်။ ကလေးမွေးဖွားမည့် ရက်တိုင်အောင် အတူတကွ ရေတွက်ခဲ့ကြသည်။ သို့သော် မီးတွင်း၌ ကလေးက ဦးနှောက်ဒဏ်ရာ ရသွားသောအခါ ကျွန်မနှလုံး ကြေကွဲခဲ့ပြီး မည်သို့ ဆုတောင်းရမည်ကိုပင် မသိတော့ပါ။ ကျွန်မသိသည်က ဘုရားရှင်ထံ ဆုတောင်းသင့် ကြောင်းတည်း။ ကိုယ်တော်သည် ကျွန်မတို့၏အဘ၊ ကျွန်မတို့ ခေါ်သောအခါ နားညောင်းတော်မူသောပုဂ္ဂိုလ် ဖြစ်သည်။

ဘုရားရှင်သည် အံ့ဩဖွယ်နမိတ်လက္ခဏာများကို တတ်စွမ်းနိုင်ကြောင်း ကျွန်မသိသည်။ ယာဣရု၏သမီးလေးကို အသက်ပြန်ရှင်စေခဲ့ပြီး (လု ၈း၄၉-၅၅) ဘဝတစ်လျှောက်လုံး သူခံစားနေရသော ရောဂါဝေဒနာကိုလည်း ပျောက်ကင်းစေလျက် ကျန်းမာရသောအခွင့်ပေးခဲ့သည်။ ထို့ကြောင့် ကျွန်မ သူငယ်ချင်း၏ ကလေးအတွက်လည်း ကျန်းမာခြင်း ဆောင်ကြဉ်းပေးရန် တောင်းလျှောက်ခဲ့သည်။

“တကယ်လို့များ ဘုရားရှင်က မကျန်းမာစေဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ တန်ခိုးမရှိတာတော့ မဟုတ်ဘူး။ ကိုယ်တော် ဂရုမစိုက်လို့များလား။” ကားတိုင်ပေါ်၌ ခရစ်တော်ယေရှု ခံစားခဲ့ရသောဝေဒနာနှင့် “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူ”ကြောင်း (ရော ၅:၈) ရှင်းပြချက်ကို ကျွန်မဆင်ခြင်မိသည်။ ထို့ပြင် ယောဘ၏မေးခွန်းများ၊ သူ့ဝန်းကျင်၌ရှိသော ဖန်ဆင်းခြင်း အရာများအားဖြင့် ဘုရားရှင်၏ပညာတော်ကို သင်ယူရှုမြင်ပုံအကြောင်း သတိရမိသည် (ယောဘ ၃၈-၃၉)

ဘုရားရှင် ကျွန်မတို့အား သူ့ထံတော်သို့ ခေါ်နေကြောင်း အသက်တာ၏ကဏ္ဍ အသေးစိတ်တွင် တစ်ဖြည်းဖြည်း ကျွန်မမြင်လာသည်။ ဘုရားကျေးဇူးတော်အားဖြင့် မည်သည့် ရလဒ်မျိုးပင် ဖြစ်နေပါစေ၊ ဘုရားသခင်ကို ဆုတောင်းလျက် ယုံကြည်ပုံအပ်ခြင်း၏ အဓိပ္ပာယ်ကို သူငယ်ချင်းနှင့်ကျွန်မတို့ အတူတကွ သင်ယူခဲ့ရပါသည်။ POH FANG CHIA

သခင်၊ ကိုယ်တော့်ထံသို့ မလာလျှင် မည်သူ့ထံသွားရအံ့နည်း။
ကျွန်ုပ်အသက်နှင့်၊ ချစ်ခင်ရသူတို့၏ အသက်အပ်နှံကာ ကိုယ်တော့်အား ယုံကြည်ပါ၏။
ကျွန်ုပ်၏အော်ဟစ်သံကို နားညောင်းသောကြောင့် ကျေးဇူးတင်ပါ၏။

ဘဝလောကဓံများ ရိုက်ခတ်ခံရချိန်သည် ဆုတောင်းရန်အကောင်းဆုံးအချိန် ဖြစ်သည်။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။