… ငါသွားသော လမ်းကို သိတော်မူ၏။ (ယောဘ ၂၃:၁၀)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ယောဘဝတ္ထု ၂၃:၁-၁၂

၁၊ ၂ ယောဘပြန်၍ မြွက်ဆိုသည်ကား၊ ယခု ငါပြင်းစွာ မြည်တမ်းသော်လည်း၊ ငါခံရသောဒဏ်သည်သာ၍ ပြင်းပါ၏။ ဘုရားသခင်ကိုတွေ့နိုင်သော အရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။ ရှေ့တော်သို့ရောက်မှ ငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသောအကျိုးအကြောင်းတို့ကို လျှောက်ထားရ၏။ ငါ့အားပြန်ပြောမိန့်မြွက်တော်မူသော စကားတော်ကို ငါသိနားလည်ရ၏။ မဟာတန်ခိုးတော်အားဖြင့် ငါနှင့်တရား တွေ့တော်မူမည်လော။ တွေ့တော်မမူ။ ငါ့စကားကို နားထောင် တော်မူမည်။ ဖြောင့်မတ်သောသူသည် ရှေ့တော်၌ဆွေးနွေးသော အခွင့်ရှိ၍၊ တရားရှင်သည် ငါ့အမှုကို အစဉ် ရှင်းလင်းစေတော်မူမည်။ ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင် လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။ ၁၀ သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။ ၁၁ ခြေတော်ရာကိုအစဉ်တစိုက် ငါရှောက်သွား၍၊ ကြွတော်မူရာလမ်းကို မလွှဲမရှောင်လိုက်ပါ၏။ ၁၂ ထားတော်မူသော ပညတ်တို့ကို ငါမပယ်။ နှုတ်တော်ထွက် စကားတို့ကို ငါရင်ခွင်၌ သိုထားပါ၏။

မေးစရာများဖြစ်လာသော်

၂၀၁၄ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် စမ်းသပ်အာကာသယာဉ်တစ်စီးသည် စမ်းသပ်ပျံသန်းနေစဉ် တစ်စစီပျက်ကျကာ မော့ဂျေ့ဗ်(Mojave) ကန္တာရထဲကျသွားသည်။ လေယာဉ်မှူးက အံ့သြစရာအသက်ရှင်ခဲ့ပြီး တွဲဖက်လေယာဉ်မှူးမှာ သေဆုံးသွားသည်။ မကြာမီ စုံစမ်းရှာဖွေသူများက လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို မဟုတ်ဘဲ၊ လေယာဉ် ပျက်ကျသွားပုံကို ဖော်ထုတ်ခဲ့သည်။ သတင်းစာ၌ “မေးစရာများဖြစ်လာသည်” ဟု ခေါင်းစဉ်တပ်ခဲ့သည်။

ဘဝအသက်တာတွင်လည်း အပြည့်အစုံရှင်းပြ၍ မရသည့် ဝမ်းနည်းကြေကွဲစရာ အတွေ့အကြုံများကို ကျွန်ုပ်တို့ ကြုံရတတ်သည်။ အချို့က ရုတ်တရက် ဖြစ်ပေါ်သည့် သဘာဝဘေးဒဏ်များဖြစ်ပြီး သက်ရောက်မှု ဆိုးကျိုးကြီးမားသည်။ အချို့က ကိုယ်ရေးကိုယ်တာ၊ ကိုယ်ပိုင်ကြေကွဲနာကျင်စရာများ ဖြစ်ပြီး မိမိ၏တစ်ဦးချင်းအသက်တာ (သို့) မိသားစုဘဝကို ပြောင်းလဲသွားစေသည်။ “ဘာကြောင့်လဲ” ဟု အဖြေသိချင်သော်လည်း အဖြေထက် မေးစရာသာ များလာသည်။ “ဘာကြောင့်လဲ” ဟူသည့်မေးခွန်းနှင့် ကျွန်ုပ်တို့လုံးပမ်းရုန်းကန်နေရလည်း ဘုရားသခင်သည် သူ၏မပြယ်သောမေတ္တာကို ကျွန်ုပ်တို့အားကမ်းလှမ်းပေးနေမြဲ ဖြစ်သည်။

ယောဘသည် တစ်နေ့ချင်းတွင် သူ့သားသမီးများနှင့် စည်းစိမ်ဥစ္စာများကို ဆုံးရှုံးခဲ့ရသောအခါ (ယော ၁:၁၃-၁၉) အမျက်ထွက်ခြင်း၊ စိတ်ပျက်ခြင်းများ ခံစားရပြီး သူ့မိတ်ဆွေများ၏ကြိုးစားဖျောင်းဖျမှုကို ဆန့်ကျင်ခဲ့သည်။ သို့သော် တစ်နေ့တွင် ဘုရားထံမှ အဖြေရလိမ့်မည်ဟူသည့် မျှော်လင့်ချက်ကို ဆုပ်ကိုင်ခဲ့သည်။ ဘဝအမှောင်ထု၌ “(ဘုရားသခင်သည်) … ငါသွားသောလမ်းကိုသိတော်မူ၏။ စစ်တော်မူခြင်းကိုခံပြီးမှ ရွှေကဲ့သို့ ငါပေါ်လိမ့်မည်။” (ယောဘ ၂၃:၁၀) ဟု ယောဘမြွက်ဆိုခဲ့သည်။

ဆရာကြီး အေ့ာစ်ဝဲ ချိန်းဘားစ် (Oswald Chambers)က “မျက်ရည်ကျပြီး ရှုပ်ထွေးခံစားခဲ့ရတဲ့ကိစ္စ၊ ဖိနှိပ်ခံရပြီး စိတ်ပျက်အားလျော့တဲ့ကိစ္စ၊ ခံစားနာကျင်ခဲ့ရတဲ့ကိစ္စ၊ အမှားတွေ၊ မတရားတဲ့ ကိစ္စတွေအတွက် ပြီးပြည့်စုံပြီး အံ့သြစရာကောင်းတဲ့ရှင်းလင်းချက်ကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ၊ တိုက်ရိုက်ဖြေရှင်းပေးမယ့် နေ့တစ်နေ့ရောက်လာမည်”ဟု ဆိုသည်။

အဖြေမရှိသည့် ဘဝမေးခွန်းများနှင့် ယနေ့ ရင်ဆိုင်ကြုံတွေ့ရစဉ် ဘုရားသခင်၏ မေတ္တာတော်နှင့်ကတိတော်များ၌ မစခြင်းနှင့် မျှော်လင့်ခြင်းကို ရှာဖွေတွေ့နိုင်သည်။ DAVID MCCASLAND

မေးခွန်းများစွာ ကျွန်ုပ်မေးလိုပြီး အဖြေလိုချင်ပါ၏ဘုရား။
ကိုယ်တော်၌ အဖြေရှိသောကြောင့် ကျေးဇူးတင်ပါသည်။
စောင့်စားလျက် ကိုယ်တော်၌အမှီပြုရန် မစတော်မူပါ။

အဖြေမရှိသည့်မေးခွန်းများနှင့် ကြုံတွေ့ရသောအခါ ဘုရားသခင်၏မေတ္တာတော်၌ မစခြင်းနှင့်မျှော်လင့်ခြင်းကို ရှာတွေ့သည်။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။