ထာဝရဘုရား မိန်တော်မူသည်ကား၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့် မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏အကျင့်နှင့်မတူ။ (ဟေရှာ ၅၅:၈)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ဟေရှာယအနာဂတ္တိကျမ်း ၅၅:၆-၁၃

တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့။ ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း စွန့်ပစ်၍၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲ ပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူ လိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။ မိုဃ်းကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏ အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်လည်းကောင်း သာ၍ မြင့်၏။ ၁၀ မိုဃ်းရေနှင့် မိုဃ်းပွင့်တို့သည် မိုဃ်းကောင်းကင်မှ ဆင်းသက်၍ နောက်တဖန်မပြန်၊ မြေသည် မျိုးစေ့ကြဲသောသူအား မျိုးစေ့ကို၎င်း၊ အစာစားသောသူအား အစာကို၎င်းပေးမည်အကြောင်း၊ မြေကို စိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကို သီးစေသကဲ့သို့၊ ၁၁ ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့ မပြန်ရ။ ငါ့အလိုကို ပြည့်စုံ စေမည်။ ငါစေခိုင်းသော အမှု၌ အောင်လိမ့်မည်။ ၁၂ သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့်ထွက်၍၊ ချမ်းသာစွာ ပို့ခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီး တောင်ငယ်တို့သည် သင်တို့ရှေ့မှာ သီချင်းဆိုသံနှင့် ကြွေးကြော်၍၊ တော၌ရှိသမျှသော အပင်တို့သည် လက်ခုပ်တီး ကြလိမ့်မည်။ ၁၃ အမျိုးမျိုးသော ဆူးပင်အရာ၌ ထင်းရူးပင်နှင့် မုရတုပင်တို့သည် ပေါက်ကြလိမ့်မည်။ ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဘို့ရာ၊ မပျောက် မပျက်ရသော ထာဝရသက်သေဖြစ်ရလိမ့်မည်။

နားမလည်သောအခါ

အလုပ်ပြီးအောင် နည်းပညာသုံးပစ္စည်းများကို နေ့စဉ်သုံးစွဲနေရသော်လည်း ထိုပစ္စည်းများ မည်သို့ အလုပ်လုပ်သည်ကို ကျွန်ုပ် နားမလည်ပါ။ ကွန်ပြူတာဖွင့်ပြီး ကျွန်တော် စာစီစာရိုက်လုပ်သည်။ သို့သော် မိုက်ခရိုချစ်ဖ်၊ ဟာ့ဒရိုက်၊ ဝိုင်ဖိုင် စသည် တို့က ကျွန်တော့်အတွက် မည်သို့ အကျိုးကျေးဇူးဖြစ်စေသည်ကို ဆက်စပ် တွေးကြည့် ၍ မရပါ။

တစ်နည်းဆိုရလျှင် ထိုသဘောတရားက ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ထင်ဟပ်ဖော်ပြ နေသည်။ ဟေရှာယအနာဂတ္တိကျမ်း ၅၅:၈-၉ တွင် ဘုရားသခင်သည် ကျွန်ုပ်တို့ထက် သာလွန်ကြီးမြတ်ပြီး ကိုယ်တော့်ကို နားမလည်နိုင်ကြောင်း သတိပေးဖော်ပြသည်။ “ထာဝရဘုရား မိန့်တော်မူသည်ကား ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ၊ ငါ၏အကျင့်သည်လည်း သင်တို့၏အကျင့်နှင့်မတူ။ မိုးကောင်းကင်သည် မြေကြီး ထက်သာ၍မြင့်သကဲ့သို့ ငါ၏အကျင့်သည် သင်တို့၏ အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏။”

ဘုရားသခင်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ အရာခပ်သိမ်းကို နားမလည်ငြားလည်း ထိုသို့နားမလည်ခြင်းက ကိုယ်တော်ကို မကိုးစားအောင် အတားအဆီးမဖြစ်ပါ။ ကျွန်ုပ်တို့ အပေါ်ထားသည့် သူ့မေတ္တာတော်ကို ကိုယ်တော်သက်သေထူပါသည်။ တမန်တော် ရှင်ပေါလုက “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံ တော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏” (ရော ၅း၈) ဟု ရေးသားခဲ့သည်။ ဘဝအဓိပ္ပာယ်ကင်းမဲ့နေလင့်ကစား ထိုမေတ္တာတော်ကို ကိုးစားလျက် ကိုယ်တော်နှင့် အတူ လျှောက်လှမ်းနိုင်ပါသည်။ BILL CROWDER

ကောင်းကင်ဘုံရှင်အဘ၊ ကျွန်ုပ်နားမလည်နိုင်လည်း ကိုယ်တော်ကို သိကျွမ်းနိုင်ခြင်းကြောင့် ကျေးဇူးတင်ပါ၏။ ကျေးဇူးကြီးလှပါ၏။
ကိုယ်တော်နှင့် ကိုယ်တော်၏ နည်းလမ်းတို့ကို နားမလည်လည်း ကိုယ်တော်၏ မေတ္တာကို အစဉ်စိတ်ချနိုင်ပြီး ကျွန်ုပ်နှင့်အစဉ်အတူရှိကြောင်း သတိပေးမူပါ။

မိမိဉာဏ်နှင့် ဘုရားသခင်ကို နားလည်နိုင်ပါက ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်ရန် မထိုက်တန်တော့ပါ။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။