ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သောအရှင် ဖြစ်တော်မူ၏။ (ဆာ ၂၇:၁)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ဆာလံကျမ်း ၂၇:၁-၈

ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ့၏ အသက်ခိုလှုံရာဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း။ ငါ့ကိုအငြိုးထားသော ရန်သူလူဆိုးတို့သည်၊ ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ၊ ခြေတိုက်မိ၍ လဲကြ၏။ ငါတဘက်၌ တပ်ချကြသော်လည်း၊ ငါ့နှလုံး မကြောက်တတ်။ စစ်ချီ၍လာကြသော်လည်း၊ ထိုအမှုတွင်ပင် တည်ကြည်သော စိတ်ရှိလိမ့်မည်။ ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍၊ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလိုငှါ၊ ထာဝရဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်။ အကြောင်းမူကား၊ ဘေးအန္တရာယ်ရောက်သည့် ကာလ၊ တဲတော်တွင် ငါ့ကို ကိုးကွယ်တော်မူမည်။ ဗိမာန်တော်အတွင်းအရပ်၌၊ ငါ့ကို ဝှက်ထားတော်မူမည်။ ကျောက်ပေါ်မှာလည်း ငါ့ကိုတင်ထားတော်မူမည်။ ယခုပင် ငါ့ပတ်လည်၌ရှိသော ရန်သူတို့၏ အပေါ်သို့ ငါ့၏ဦးခေါင်းကို ချီးမြှောက်တော်မူ၏။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ် ပူဇော်ပါမည်။ သီချင်းဆိုပါမည်။ ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။ အိုထာဝရဘုရား၊ အကျွန်ုပ်အော်ဟစ်သော အသံကိုနားထောင်တော်မူပါ။ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ။ ငါ၏မျက်နှာကို ရှာကြလော့ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ မျက်နှာကို ရှာပါမည်။

သခင် နားလည်သည်

ကလေးသူငယ်အချို့၌ ညညအိပ်မပျော်သည့် ပြဿနာရှိသည်။ ဤသို့ဖြစ်ရသည့် အကြောင်းရင်းများစွာ ရှိသည့်အနက် အချက်တစ်ချက်ကို ကျွန်မသမီးက ဖော်ပြခဲ့သည်။ သမီးကိုသိပ်ပြီး ပြန်လှည့်ထွက်မည်အလုပ်တွင် သမီးလေးက “သမီးက အမှောင်ကို ကြောက်တယ်” ဟုပြောသည်။ သူ၏ စိုးကြောက်မှုပြေလျော့သွားအောင် ကျွန်မကြိုးစား နှစ်သိမ့်ပြီး သူ့အခန်းထဲ၌ သရဲမရှိကြောင်း စိတ်ချလုံခြုံမှု ခံစားရအောင် ညမီးမှိန်မှိန်လေးကို ထွန်းပေးခဲ့သည်။

ရက်သတ္တပတ် အနည်းငယ်ကြာပြီးနောက် ခင်ပွန်း ဖြစ်သူက အလုပ်ကိစ္စနှင့် ညအိပ်ခရီး ထွက်သွားချိန်အထိ သမီးလေး၏ကြောက်ရွံ့မှုအကြောင်း သိပ်မစဉ်းစားဖြစ်ခဲ့ပါ။ ထိုည အိပ်ယာထက် လဲလျောင်းလိုက်သည်နှင့် ကျွန်မ ဘေးပတ်ပတ်လည်တွင် အမှောင်ထု စိုးမိုးသွားသည့်အလား ထင်ရသည်။ ချိုးချိုးချွတ်ချွတ် အသံကြားရ၍ ဘာများလဲဟု လိုက်ကြည့်မိသည်။ နောက်တော့လည်း ဘာမျှမဟုတ်၊ သို့သော် ဤကဲ့သို့ ကိုယ်တိုင် ကြုံရသည့်အခါမှ သမီးလေး၏ကြောက်ရွံ့မှုကို နောက်ဆုံး ကျွန်မနားလည်ခဲ့သည်။

သခင်ယေရှုသည် ဤကမ္ဘာလောက၌ လူသားအဖြစ် အသက်ရှင်နေထိုင်ခဲ့ပြီး ကျွန်ုပ်တို့ကြုံတွေ့ရသည့် ပြဿနာမျိုးကိုလည်း ကြုံဆုံညည်းခံခဲ့ရဖူးသည့် အတွက် ကျွန်ုပ်တို့၏ ကြောက်ရွံ့မှုများနှင့် အခက်အခဲများကို ကိုယ်တော်နားလည်သည်။ “ငြိုငြင်သောသူ၊ နာကြည်းခြင်း ဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏” (ဟေရှာ ၅၃:၃)။ ကျွန်ုပ်တို့ ရုန်းကန်ရင်ဆိုင်ရသည့်အမှုတို့ကို ကိုယ်တော်အား ဖော်ပြပြောပြသောအခါ ကိုယ်တော်က ကျွန်ုပ်တို့ကို ဘေးသို့ တွန်းထုတ်ခြင်း၊ စိတ်သိမ်ငယ်သွားအောင်လုပ်ခြင်း၊ ထိုအဖြစ်မှ ရုန်းထွက်လိုက်ရန် ပြောခြင်းစသည်ဖြင့် ကိုယ်တော် မလုပ်ပါ။ ကျွန်ုပ်တို့၏ စိတ်ညှိုးငယ်မှုကို ဝင်ရောက်ခံစားပေးပါသည်။ ဘုရားရှင် သိမြင်နားလည်ကြောင်းကို သိရှိထားခြင်းဖြင့် ဒုက္ခဝေဒနာခံစားရမှုနှင့် ရံဖန်ရံခါ တွဲပါလာတတ်သည့် အထီးကျန် ဝေဒနာကို တစ်နည်းနည်းဖြင့် လွင့်ပြယ်စေနိုင်ပါသည်။ အမိုက်မှောင်ဆုံးအချိန်များ၌ ကိုယ်တော်သည် ကျွန်ုပ်တို့၏အလင်း၊ ကျွန်ုပ်တို့၏ ကယ်တင်ခြင်း ဖြစ်တော်မူ၏။ JENNIFER BENSON SCHULDT

ချစ်တော်မူသော သခင်ယေရှု၊ အကျွန်ုပ်၏တောင်းဆုများကို နားညောင်းပြီး အကျွန်ုပ်၏အခြေအနေကို နားလည်သဘောပေါက်ကြောင်း ကျွန်ုပ်ယုံကြည်ပါ၏။
ကျွန်ုပ်၏အမှောင်ထု၌ ကိုယ်တော်သည် အလင်းကို ထွန်းလင်းစေသူဖြစ်ပါ၏။

အမှောင်မိုက်ဆုံးည၌ သခင်ယေရှုသည် ကျွန်ုပ်တို့၏အလင်းဖြစ်သည်။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။