အချိန်ကာလ စေ့သောအခါ … သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။ (ဂလာ ၄:၄-၅)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်လုကာခရစ်ဝင် ၂:၂၅-၃၈

၂၅ ထိုအခါ ရှုမောင်အမည်ရှိသော သူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သောသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊ ၂၆ သူသည် ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မှီ မသေရဟု ဗျာဒိတ်တော်ကိုရ၏။ ၂၇ ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ် တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင်၊ ၂၈ ရှုမောင်သည်ယေရှုကို လက်နှင့်ချီပိုက်၍၊ ၂၉ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ် တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။ ၃၀-၃၂ ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသားတို့ကို လင်းစေခြင်း ငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏ဟု မြွက်ဆို၏။ ၃၃ ထိုစကားများကို ယောသပ်နှင့်မယ်တော်သည် ကြားလျှင် အံ့ဩခြင်းရှိကြ၏။ ၃၄ ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူ အများလဲမည်အကြောင်း၊ အများထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံစရာဖြစ်မည် အကြောင်း ခန့်ထားသောသူဖြစ်၏။ ၃၅ ထိုမှတပါး သန်လျက်သည် သင်၏စိတ်နှလုံးကို ခွင်းလိမ့်မည်ဟု မြွက်ဆို၏။ ၃၆ အာရှာအမျိုးဖြစ်သော ဖနွေလ၏သမီး၊ အန္နအမည်ရှိသော ပရောဖက်မတယောက်ရှိ၏။ သူသည် ပျိုသောအရွယ်မှစ၍ ခုနစ်နှစ်သောလင်နှင့် နေပြီးလျှင်၊ ၃၇ အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင်မုတ်ဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညဉ့်မပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွါဘဲနေ၏။ ၃၈ သူသည်လည်း ထိုခဏခြင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့ ၌ ရွေးနှုတ်ခြင်းအရာကို မြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။

အချိန်မှန်

‘On Time – အချိန်မှန်’ အမည်ဖြင့် စာအုပ်တစ်အုပ်ကို ကျွန်ုပ်ရေးသားမည်ဟု တစ်ခါတစ်ရံ ဟာသလုပ်ပြောတတ်သည်။ ကျွန်ုပ်နှင့် ရင်းနှီးသူများကြားလျှင် ပြုံးကြသည်။ အကြောင်းမှာ ကျွန်ုပ်သည် မကြာခဏ နောက်ကျတတ်ခြင်းကြောင့်ဖြစ်သည်။ ကျွန်ုပ် နောက်ကျရခြင်းမှာ ဝီရိယမရှိခြင်းကြောင့် မဟုတ်၊ နောက်ကျမှုကို အကောင်းဘက်မှ အပြုသဘော ရှုမြင်ခြင်းဖြစ်ကြောင်း ကျွန်ုပ်အကြောင်းပြ သည်။ ‘ဤနောက်ကျသည့်အချိန်လေး’တွင် အချိန် အနည်းငယ်အတွင်း အလုပ်အတော်များများ ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်ဟူသော လွဲမှားသော ယုံကြည်ချက်ကို အပြုသဘောနှင့် ကျွန်ုပ်ဖက်တွယ်နေခြင်း ဖြစ်သည်။ သို့သော် ကျွန်ုပ်မလုပ်နိုင်ပါ၊ အလုပ်မပြီးပါ။ သို့နှင့် အချိန်မီမရောက်နိုင်ဘဲ ပျက်ကွက်မှုအတွက် တစ်ဖန် တောင်းပန်ရသည့် အဖြစ်၌သာ အဆုံးသတ်သွားသည်။

ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်သည် အမြဲပင် အချိန်မှန်သည်။ သခင်နောက်ကျနေသည်ဟု ကျွန်ုပ်တို့ ထင်ကောင်းထင်မည် ဖြစ်သော်လည်း သခင်နောက်မကျပါ။ ဘုရားသခင်၏အချိန်နှင့် ပတ်သက်၍ လူအများ စိတ်မရှည်ဖြစ်ကြသည့်အကြောင်း ကျမ်းစာတစ်အုပ်လုံးတွင် တွေ့ရသည်။ မေရှိယ ကယ်တင်ရှင် ကြွလာမည့်ကတိတော်အတွက် ဣသရေလူတို့ စောင့်ပြီးရင်း စောင့်ကြ သည်။ အချို့က မမျှော်လင့်ကြတော့ပါ။ သို့သော် ရှုမောင်နှင့် အန္နတို့ကား ထိုသို့ မဟုတ်၊ သူတို့သည် ဗိမာန်တော်၌ နေ့တိုင်းဆုတောင်းပြီး စောင့်နေကြသည် (လု ၂:၂၅-၂၆၊ ၃၇)။ သူတို့၏ယုံကြည်ခြင်းသည် ချီးမြှောက်ခံခဲ့ရသည်။ သူငယ်တော် ယေရှုကို ဆက်ကပ်ခြင်းအလိုငှာ မာရိနှင့်ယောသပ်တို့ ဆောင်ယူလာသည့်အချိန်၌ သူတို့သည် မွေးကင်းစ ယေရှုလေးကို ဖူးမြော်တွေ့ခွင့်ရခဲ့သည် (:၂၇-၃၂၊ ၃၈)။

ကျွန်ုပ်တို့၏အချိန်ဇယားအတိုင်း ဘုရားသခင် မတုံ့ပြန်အဖြေမပေးသောကြောင့် အားလျော့စိတ်ပျက် လာသောအခါ “အချိန်ကာလစေ့သောအခါ ငါတို့သည် သား၏အခွင့်အရာကို ခံရမည်အကြောင်း … သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ”ကြောင်း (ဂလာ ၄:၄-၅)ကို ကျွန်ုပ်တို့ အမှတ်ရသင့်သည်။ ဘုရားသခင်၏အချိန်သည် အပိုအလို မရှိ စုံလင်ပါသည်။ စောင့်ရကျိုးနပ်ပါသည်။ JULIE ACKERMAN LINK

ကောင်းကင်ဘုံရှင်အဘ၊ ကျွန်ုပ်လိုချင်သည့်အချိန်တွင် ဆုတောင်းချက်အဖြေကို ရရှိလိုပြီး၊ စိတ်မရှည်နိုင်ဖြစ်ကာ စိတ်ပျက်အားလျော့ခြင်းကို ဝန်ချတောင်းပါ၏။
အရာခပ်သိမ်း၌ ကိုယ်တော်၏ အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းတတ်ရန် မစတော်မူပါ။

ဘုရားသခင်၏ အချိန်သည် အမြဲပင် မှန်ကန်ပါသည်။ ကိုယ်တော်ရှင်အား စိတ်ရှည်စွာ စောင့်ဆိုင်းပါ။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။