ဂျမေးကားနိုင်ငံ၊ ဒန်(Dunn)မြစ် ရေတံခွန်၏ ချောမွေ့သောကျောက်တုံးများကြားတွင် ဖြာစီးသောရေသည် ကာရေဘီယမ်(Caribbean)ပင်လယ်သို့ စီးဆင်းသွားသည်။ ဒန်မြစ်ရေတံခွန်ကိုဆန်ပြီး တောင်တက်ရခြင်းသည် စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံတစ်ခုဖြစ်သည်။ ရေစီးကြောင်းကို ဆန်ပြီး တောင်ထိပ်သို့ တက်ရခြင်းက တောင်တက်သမားများအတွက် စိန်ခေါ်မှုဖြစ်ပြီး၊ အမြင်အာရုံ ချို့ယွင်းပြီး၊ အပ်ပေါက်သာသာအလင်းကိုသာ မြင်နိုင်သည့် JW (ဂျေဒဗလျူ) အမည်ရှိဆယ်ကျော်သက်တစ်ဦးအတွက် ပို၍ပင် မဖြစ်နိုင်။

သို့သော် ဂျေဒဗလျူသည် တောင်တက်ရန် စိတ်ပိုင်းဖြတ်ထားပြီး၊ သူ၏ သူငယ်ချင်း ဂျိုဇိုင်းယာက သူနှင့်တွဲပြီးတက်ရန် ဆန္ဒရှိခဲ့သည်။ ဂျိုဇိုင်းယာသည် ချောသည့်ကျောက်ကိုရှောင်ရန်၊ လက်ခြေတို့ကို မည်သည့်နေရာတွင် ထားရမည်ကို ပြောပြပေးသည့် ဂျေဒဗလျူ၏မျက်လုံးများဖြစ်ပြီး၊ ဂျေဒဗလျူမှာမူ ရဲစွမ်းသတ္တိကို ပြသပေးမည့် ဂျိုဇိုင်းယာ၏ နှလုံးသားဖြစ်ပေသည်။

ဘဝ၏အခြေအနေအများစုသည် ခက်ခဲသောတောင်တက်ခြင်းနှင့်တူသဖြင့် ကျွန်ုပ်တို့တစ်ယောက်တည်း မလျှောက်လှမ်းသင့်ပါ။ ရှောလမုန်မင်းက “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသောအကျိုးကို ရတတ်၏”(ဒေ ၄:၉) ဟူ၍ ထိုအမှန်တရားကို ညွှန်ပြခဲ့သည်။ ဂျိုဇိုင်းယာနှင့် ဂျေဒဗလျူနှစ်ဦးစလုံး အတူတကွ လုပ်ဆောင်ခဲ့၍သာ ထူးခြားသောအမှုကို လုပ်နိုင်ခဲ့သည်။ ဆက်လက်၍ ကျမ်းပိုဒ်က “တစ်ယောက် လဲလျှင် တစ်ယောက်ထူလိမ့်မည်”(:၁၀)ဆိုသည်။ သို့သော် မည်သူမျှလဲမကျခဲ့သလို ကျရှုံးခြင်းလည်းမရှိဘဲ၊ သူတို့၏ပန်းတိုင်များသို့ အတူတကွ ရောက်ရှိခဲ့သည်။

လူတို့အတွက် ဘုရားသခင်စီစဉ်ထားသော အတူတကွလုပ်ဆောင်ခြင်းပုံစံကို ရှောလမုန်မင်းက ရှင်းလင်းစွာ ဖော်ပြထားပြီး၊ ဤဆယ်ကျော်သက်နှစ်ဦး ကလည်း ထင်ရှားစွာ သရုပ်ပြခဲ့သည်။ ဘုရားသခင် ပေးအပ်ထားသော တာဝန် များကို အခြားသူများနှင့်အတူလုပ်ကိုင်ခြင်းက အကောင်းဆုံး လုပ်ဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို ညွှန်ပြသည့် ရလဒ်ရရန် လူတစ်ဦးချင်းစီသည် ဘုရား ပေးထားသော အရည်အချင်းများနှင့် စိတ်ခံစားချက်များကို အသုံးပြုပြီး လုပ်ဆောင်ရန်ဖြစ်တော့သည်။